နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏မွတ်စ်လင်မ်ညီနောင်တစ်ဦးအား ဂုဏ်သိက္ခာ၊ ဥစ္စာပစ္စည်း သို့မဟုတ် အသက်အား မတရားကျူးလွန်ခဲ့သူတိုင်းအား ကိယာမသ်နေ့မဆိုက်ရောက်မှီအလျင် ဤဒွန်ယာလောက၌ ရှိနေသေးခိုက် ထိုချိုးဖောက်ခံရသူထံ ခွင့်လွှတ်ခြင်းကိုတောင်းခံရန် အမိန့်ပေးတော်မူခဲ့သည်။ အကြောင်းမှာ ကိယာမသ်နေ့တွင် မိမိကိုယ်ကို ရွေးယူရန်အတွက်ရွှေဒင်္ဂါးဖြင့်ဖြစ်စေ၊ ငွေဒင်္ဂါးဖြင့်ဖြစ်စေ မတရားပြုခံရသူအား လျော်ကြေးပေးခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်မည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် ကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ်များ၏ အစားပေးမှုသာ ရှိမည်ဖြစ်သောကြောင့်တည်း။ မတရားပြုလုပ်ခံရသူသည် ကျူးလွန်သူ၏ ကောင်းမှုကုသိုလ်များထဲမှ မိမိအပေါ် ကျူးလွန်ခဲ့သော အတိုင်းအတာနှင့်အညီ ရယူမည်ဖြစ်သည်။ အကယ်၍ မတရားကျူးလွန်ခဲ့သူ၌ ကောင်းမှုကုသိုလ်များမရှိလျင် မတရားကျူးလွန်ခံရသူ၏ မကောင်းမှုများကို ကျူးလွန်ခဲ့သည့် မတရားမှု၏အတိုင်းအတာနှင့်အညီ မတရားကျူးလွန်ခဲ့သူအပေါ် တင်ပေးခြင်းခံရမည်ဖြစ်သည်။