တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမသ်နေ့တွင် ဖြစ်ပေါ်မည့် အချို့အခြေအနေများကို ဖော်ပြခဲ့ပြီး၊ လူသားအားလုံးသည် သူတို့၏ကဗရ်သချိုင်းများမှ ရှင်ပြန်ထ မြောက်စေခြင်းခံရပြီးနောက် ဟိစားဗ် (ပြုလုပ်ခဲ့သည့်လုပ်ရပ်များအတွက် စာရင်းရှင်းရန်) အတွက် စုရုံးကြရမည်ဖြစ်ကာ၊ သူတို့၏အခြေအနေမှာ ဖိနပ်မပါဘဲ ခြေဗလာဖြင့်၊ အဝတ်အထည် သို့မဟုတ် အကာအရံမပါဘဲ ကိုယ်ဗလာဖြင့်၊ ၎င်းတို့၏ မိခင်များက ၎င်းတို့အား မွေးဖွားခဲ့သောနေ့ကအတိုင်းပင် ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ ရှိကြမည်ဖြစ်သည်။ မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဤအကြောင်းကိုကြားသိရသောအခါ အံ့အားသင့်စွာဖြင့် လျှောက်ထားမေးမြန်းခဲ့သည်- အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးနှင့် အမျိုးသားအားလုံးသည် အားလုံး တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ကြရမည်လား။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သခင်မအား ရှင်းပြတော်မူခဲ့သည်မှာ- သေပြီးနောက် ရှင်ပြန်ထမြောက်ခြင်းနှင့် ကိယာမသ်တရားစီရင်မည့်နေ့၏ အခြေအနေများသည် အလွန်ကြောက်မက်ဖွယ်ရာဖြစ်ပြီး၊ လူတို့၏ အာရုံစူးစိုက်မှုနှင့် မျက်စိများကို အရှက်အင်္ဂါများဘက်သို့ ကြည့်ရှုခြင်းမှ လွဲဖယ်စေလိမ့်မည်ဖြစ်သည်။