တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ပစ္စည်းဥစ္စာအမျိုးမျိုးနှင့် ထိုပစ္စည်းဥစ္စာများကို ဇကာသ်မပေးခဲ့သောသူများအတွက် ကိယာမတ်နေ့တွင် ခံစားရမည့် အပြစ်ဒဏ်များကို ရှင်းလင်းတင်ပြမိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အနက်အချို့မှာ - (1) ရွှေ၊ ငွေနှင့် ထိုအရာနှစ်ခု၏အမိန့်တွင်ရှိသော အခြားပစ္စည်းဥစ္စာများနှင့် ကုန်ပစ္စည်းများဖြစ်ကာ၊ ၎င်းတို့အပေါ်တွင် ဇကာသ်ပေးရန် မဖြစ်မနေတာဝန်ရှိပြီး ဇကာသ်မပေးခဲ့ပါက၊ ကိယာမတ်နေ့တွင် ယင်းပစ္စည်းများကို အရည်ကျိုပြီး သင်ပုန်း ကျောက်သားများ သဏ္ဍာန် ပြုလုပ်ကာ ထိုသူသည် ငရဲမီး၌ ထိုကျောက်သားပြင်များအပေါ် အပူပေးခြင်းခံရပြီး၊ ပြစ်ဒဏ် ပေးခြင်း ခံရမည်ဖြစ်သည်။ ထိုသူ၏ နံဘေး၊ နဖူး၊ ကျောကုန်းတို့သည်လည်း ထိုအရာတို့ဖြင့် အပူလောင်စေခြင်းခံကြရမည်။ (မီးနှင့်အတိပြီးသော ထိုကျောက်သားပြင်တို့သည်)အေးသွားသည့်အခါတိုင်း တဖန်ပြန်လည် အပူ ပေးခြင်းခံရမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။ (2) ကုလားအုတ် ပိုင်ရှင်ဖြစ်ပြီး ထိုကုလားအုတ်၏ ဇကာသ်နှင့် ကုလားအုတ်၏ ဝတ္တရားကို မပေးခဲ့သော သူဖြစ်သည်။ ကုလားအုတ်၏ ဝတ္တရားတစ်ခုမှာ (ကုလားအုတ်ရေသောက်ဆင်းသောနေ့၌ ထိုနေရာသို့) လာရောက်ကျသည့် ဆင်းရဲသားများကို ကုလား အုတ်၏ နို့ညှစ်ခွင့်ပေးခြင်း ဖြစ် သည်။ ထိုသို့မပေးခဲ့ပါက၊ ကိယာမတ်နေ့တွင် ထိုကုလားအုတ်များကို ယခင်ကထက် ပိုမိုဝဖြိုးသော အခြေအနေနှင့် ပိုမိုများပြားသော အရေအတွက်ဖြင့် ခေါ်ဆောင်လာပြီး၊ ၎င်း၏ပိုင်ရှင်ကို ညီညာပြန့်ပြူးသော ကွင်းပြင်ကြီးအတွင်း ပက်လက်လဲလျောင်းစေကာ ထိုကုလားအုတ်များက ၎င်း၏ခန္ဓာကိုယ်ကို ခြေဖြင့်နင်းပြီး သွားဖြင့်ကိုက်ဖြတ်ကြမည်။ ထိုကုလားအုတ်များအနက် နောက်ဆုံးကုလားအုတ် တက်နင်းသွားပြီးသောအခါ ပထမဆုံးကုလားအုတ်မှ ( တက်နင်းရန်) ပြန်ရောက်လာမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။ (3) နွားနှင့် သိုး၊ ဆိတ်များ၏ ပိုင်ရှင်ဖြစ်ပြီး ၎င်းသည် ယင်းတိရိစ္ဆာန်တို့၏ ဇကာသ်ကို မပေးဆောင်ခဲ့ပါက၊ ကိယာမတ်နေ့တွင် ထိုနွားများနှင့် ဆိတ်များကို တစ်ကောင်မကျန်အရေအတွက်အပြည့်စုံဖြင့် ခေါ်ဆောင်လာမည်ဖြစ်ပြီး၊ ဦးချိုကွေးနေသော၊ ဦးချိုကျိုးနေ သော၊ သို့မဟုတ် ဦးချိုမရှိသော အကောင်များ တစ်ကောင်မျှပမည်မဟုတ်ပေ။ ထို့နောက် ယင်းတိရိစ္ဆာန်များ ၏ပိုင်ရှင်ကို ကျယ်ပြန့်ညီညာသော ကွင်းပြင်ကြီးအတွင်း ပက်လက်လဲလျောင်းစေကာ ထိုနွားများနှင့် ဆိတ်များက ၎င်း၏ခန္ဓာကိုယ်ကို ဦးချိုများဖြင့် ထိုးနှက်ပြီး ခြေများဖြင့်နင်းကြမည်။ နောက်ဆုံး နွား သို့မဟုတ် ဆိတ် တက်နင်းသွားပြီးသောအခါ ပထမဆုံး နွား သို့မဟုတ် ဆိတ်မှ ( တက်နင်းရန်) ပြန်ရောက်လာမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။ ( 4 ) မြင်းမွေးထားသူဖြစ်ပြီး၊ ယင်း(မြင်း)သည် သုံးမျိုး သုံးစားရှိသည်။ ပထမအမျိုးအစား : ထိုမြင်းသည် သူ့အတွက် ဝန်ထုပ်ဝန် ပိုး(အပြစ်)ဖြစ်၏။ သူသည် ထိုမြင်းကို ပြစားရန်၊ ဂုဏ်ယူဝင့်ကြွားရန်နှင့် မွတ်စ်လင်မ်တို့အား စစ်ပြုရန်အတွက် မွေးထားသူဖြစ်သည်။ ဒုတိယအမျိုးအစား : ထိုမြင်းသည် သူ့အတွက် အကာအကွယ်ဖြစ်၏။ သူသည် ထိုမြင်းကိုအလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုလုပ်ရန်အတွက် မွေးပြီး၊ ထိုမြင်းအား ကောင်းမွန်စွာမွေးမြူကာ ၎င်း၏ အစာရေစာနှင့် အခြားလိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်သူဖြစ်သည်။ ကောင်းမွန်စွာမွေးမြူစောင့်ရှောက်ခြင်းအနက်တစ်ခုမှာ- ၎င်း၏မြင်းထီးကိုလည်း မျိုးပွားစေခြင်းဖြစ်သည်။ တတိယအမျိုးအစား : ထိုမြင်းသည် သူ့အတွက် အကျိုးဆုလဒ်များ ရရှိစေသော မြင်းဖြစ်၏။ သူသည် ထိုမြင်းအား မွတ်စ်လင်မ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုလုပ်ရန်အတွက် မွေးပြီး၊ ထိုမြင်းသည် စားကျက်နှင့် စိမ်းဆိုသည့် ဥယာဉ်တွင် ကျက်စားလေသည်။ ထိုမြင်းစားသမျှအတွက် စားသည့်ပမာဏအတိုင်း သူ့အတွက် ကောင်းမှုများ ရေးမှတ်ခြင်းခံရသည်။ ထို့အပြင် သူတို့၏ မစင်များနှင့် ကျင်ငယ် ( ဆီး )များ၏ အရေအတွက်အတိုင်း သူ့အတွက် ကောင်းမှုများ ရေးမှတ်ခြင်းခံရသည်။ အကယ်၍ ထိုမြင်းများသည် ၎င်းတို့အား ချည်နှောင်ထားသောကျိုးကို ဖျက်တောက်ကာ တောင်ကုန်းတစ်ခု သို့မဟုတ် နှစ်ခုပေါ်သို့ ပြေးတက်သွားခဲ့လျှင်၊ ၎င်းတို့၏ခြေရာများနှင့် (ပြေးတက်ရင်း ကျသွားသော) မစင်များ၏အရေအတွက်အတိုင်း အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ကောင်းမှုများ ရေးမှတ်ပေးတော်မူသည်။ အကယ်၍ ထိုမြင်းများ၏ ပိုင်ရှင်သည် ၎င်းတို့ကို မြစ်ချောင်းတစ်ခုခုဆီသို့ ခေါ်သွားပြီး ၎င်းတို့သည် ထိုမြစ်ချောင်းမှ ရေသောက်ခဲ့လျှင်လည်း၊ ပိုင်ရှင်အနေဖြင့် ၎င်းတို့ကို ရေတိုက်ရန် ရည်ရွယ်ချက်မရှိခဲ့သည့်တိုင်၊ ၎င်းတို့ သောက်လိုက်သော ရေ၏ပမာဏအတိုင်း အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ကောင်းမှုများ ရေးမှတ်ပေးတော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မြည်းတရိစ္ဆာန်များနှင့် ပတ်သတ်၍ ယင်းတို့သည် မြင်းများနှင့် တူပါသလားဟု မေးမြန်းခြင်းခံရတော်မူသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့မိန့်ကြားတော်မူ၏- မြည်းတရိစ္ဆာန်များနှင့်ပတ်သက်၍ သီးသန့် အမိန့်ပညတ်ချက်အဖြစ် ဤထူးခြားပြောင်မြောက်သည့် အာယသ်တစ်ပိုဒ်မှလွဲ၍ အခြားမည်သည့် အာယသ်မျှ ကျရောက်လာခြင်းမရှိပါ။ သို့သော် ထိုအာယသ်တော်မှာ နာခံခြင်းနှင့် မနာခံခြင်းဆိုင်ရာ အမျိုးအစားအားလုံးအတွက် ယေဘုယျသက်ရောက်မှုရှိသည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် - "သို့ဖြစ်ပေရာ မည်သူမဆို အနည်းငယ်မျှပင် ကောင်းမှုပြုခဲ့လျှင် ထိုသူသည် ယင်း(ကောင်းမှု၏အကျိုးဆုလာဘ်)ကို မြင်တွေ့ရလိမ့်မည်။ ထိုနည်းတူစွာ မည်သူမဆို အနည်းငယ်မျှပင် မကောင်းမှုပြုခဲ့လျှင် ထိုသူသည် ယင်း(မကောင်းမှု၏အပြစ်ဒဏ်)ကို မြင်တွေ့ရလိမ့်မည်။" (စူရဟ် ဇလ်ဇလဟ် - ၇-၈)။ သို့ဖြစ်ရာ မည်သူမဆိုသည် အမိန့်နာခံရန် ရည်ရွယ်ချက်ဖြင့် မြည်းကို မွေးမြူခဲ့လျှင်၊ ထိုသူသည် ယင်း၏အကျိုးဆုလဒ်ကို (ကိယာမတ်နေ့တွင်) တွေ့မြင်ရမည်ဖြစ်ပြီး၊ မည်သူမဆို အမိန့်ဖီဆန်ရန် ရည်ရွယ်ချက်ဖြင့် မွေးမြူခဲ့လျှင်၊ ထိုသူသည် ယင်း၏အပြစ်ဒဏ်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ဤအာယတ်တော်၏ ကျယ်ပြန့်သော အတိုင်းအတာအတွင်း၌ လုပ်ရပ်အားလုံး ပါဝင်သည်။