တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမတ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်အား လျှို့ဝှက်စွာစကားပြောဆိုတော်မူမည့်အကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာ အကွယ်အောက်သို့ ထားတော်မူမည်။ ထိုသို့အားဖြင့် အခြားသူများက သူ၏လျှို့ဝှက်ချက်များကို မသိရှိနိုင်စေရန် ဖြစ်သည်။ ထို့နောက် အရှင်မြတ်က ၎င်းအား မိန့်တော်မူမည်မှာ- အသင် ဤသို့ အပြစ်၊ ဤသို့ အပြစ်များကို သိပါသလော။ ထို့နောက် ဗန္ဒဟ်ကျေးကျွန်နှင့် မိမိ၏ အရှင်သ ခင်ကြားလျှို့ဝှက်ကျူးလွန်ခဲ့သည့် အပြစ်များကို တစ်ခုပြီးတစ်ခု ဝန်ခံစေမည်။ ထိုအခါ ၎င်းက 'ဟုတ်ပါသည်၊ အို- ကျွန်တော်မျိုး၏အရှင်၊ ကျွန်တော်မျိုး မှတ်မိပါသည်' ဟု ဝန်ခံပြောဆိုမည်။ နောက်ဆုံး မုအ်မင်န်သက်ဝင်ယုံကြည်သူသည် ကြောက်လန့်တကြားဖြစ်နေချိန်တွင် ကရုဏာတော်ရှင်က ‘ငါအရှင်မြတ်သည် လောကီ၌ ထိုအပြစ်များအား သင့်အပေါ်၌ ဖုံးကွယ်ပေးတော်မူခဲ့ပြီး ယနေ့ငါအရှင်မြတ်သည် သင့်အတွက် ထိုအပြစ်များကို ခွင့်လွှတ်တော်မူမည်’ ဟု မိန့်ကြားတော်မူမည်။ ထို့နောက် သူ၏ ကောင်းမှုများမှတ်တမ်းကို သူ့ထံပေးအပ်တော်မူမည်။ သို့ရာတွင် ကာဖိရ်များနှင့် မုနာဖိက်များမှာမူကား အဖန်ဆင်ခံအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့အား 'ဤသူများသည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလိမ်လည်စွပ်စွဲခဲ့ကြသောသူများပင် ဖြစ်ကြသည်' ဟု ကြွေးကြော်ခြင်းခံကြရမည်။ သတိပြုကြလော့၊ မတရားသူတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ပြစ်တင်ကျိန်ဆဲခြင်း ရှိပါစေသတည်း။