တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် သောင်ဝ်ဟီးဒ်၏ ကလိမဟ်တော်အား အဓိပ္ပါယ်သိနားလည်ကာ ရွတ်ဆိုပြီး ကလိမဟ်တော်၏ တောင်းဆိုချက်များအတိုင်း လိုက်နာကျင့်သုံးမည်။ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံမည်။ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ဖြစ်စေဟူသောအမိန့်ဖြင့် ဖန်ဆင်းခဲ့သည့်အတွက် ဖြစ်ပေါ်လာကြောင်းကိုလည်းကောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်ဖန်ဆင်းထားသည့် ရူးဟ် ဝိညာဉ်များအနက်မှာ ဝိညာဉ်တော်ဖြစ်ကြောင်းကိုလည်းကောင်း ဝန်ခံထွက်ဆိုမည်။ ထို့ပြင် အီစာ (အလိုင်းဟိစ္စလာမ်)၏ မိခင်သည် ယဟူဒီများ စွပ်စွဲသည့်ကိစ္စမှ ကင်းရှင်းကြောင်းကို လက်ခံယုံကြည်မည်။ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်းကို သက်ဝင်ယုံကြည်မည်။ ထို့အတူ ၎င်းတို့၏ တည်ရှိမှုနှင့် ၎င်းတို့သည် အရှင်မြတ်၏ နိအ်မသ်စည်းစိမ်နှင့် အရှင်မြတ်၏ အပြစ်ဒဏ်ဖြစ်ကြောင်းကို ယုံကြည်မည်။ ၎င်းနောက် ထိုယုံကြည်ချက်အပေါ်၌ပင် ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသူ၏အမလ်ကျင့်ဆောင်မှုသည် နည်းပါးပြီး အပြစ်အကုသိုလ်များရှိလျှင်လည်း ၎င်းသူပြန်လှည့်ရမည့် နေရာဌာနမှာ ဂျန္နသ်သုခဘုံပင်ဖြစ်သည်။