တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်တို့က တားမြစ်ထားသည့်) မကောင်းမှုများအား တတ်စွမ်းနိုင်သမျှ တားမြစ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ အကြင်သူသည် မကောင်းမှုတစ်ခုအား မြင်တွေ့ပါက ထိုမကောင်းမှုအား လက်ဖြင့်တားမြစ်ရန်တတ်စွမ်းနိုင်လျှင် ၎င်းအပေါ်၌ လက်ဖြင့်တားမြစ်ရန် တာဝန်ရှိသည်။ အကယ်၍ လက်ဖြင့်တားမြစ်ရန် မတတ်စွမ်းနိုင်ပါက ၎င်းမကောင်းမှုအား မိမိ၏နှုတ်လျှာဖြင့်တားမြစ်ရမည်။ မကောင်းမှုကျူးလွန်သူအား ယင်းမကောင်းမှု၏ဆိုးကျိုးကို ရှင်းပြကာ မကောင်းမှုအစား ကောင်းမှုကို လမ်းညွှန်ပြသပေးရမည်။ အကယ်၍ ဤအဆင့်ကို ပြုလုပ်ရန်မတတ်စွမ်းနိုင်ပါက မကောင်းမှုအား နှလုံးသားဖြင့်တားမြစ်ရမည်။ဆိုလိုသည်မှာ မကောင်းမှုအား စိတ်ထဲ၌ မနှစ်သက်မှုဖြစ်ရမည်။ ထို့ပြင် ထိုမကောင်းမှုအား တားမြစ်နိုင်စွမ်းရှိလာပါက မုချတားမြစ်မည်ဟူသော ခိုင်မာသောဆုံးဖြတ်ချက်ချရမည်။ မကောင်းမှုအား စိတ်နှလုံးသားဖြင့်တားမြစ်ခြင်းသည် အီမာန်၏ အဆင့်အတန်းများအနက် အနိမ့်ဆုံးနှင့် အားအပျော့ဆုံးအဆင့်ပင်ဖြစ်သည်။