တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်ပါးသို့လာ၍ကြိတ်ဆုံလှည့်ရသည့်အတွက် သူမလက်တွင်ခံစားနေရသော နာကျင်မှုကို ညည်းတွားနေခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့လက်ရသုံ့ပန်းရောက်ရှိလာသောအခါ သူမသည် ယင်းသုံ့ပန်းမှ အိမ်၌မိမိ နေရာတွင်အလုပ်လုပ်ပေးမည့် အိမ်ဖော်တစ်ယောက်ရရန် တောင်းဆိုဖို့အတွက် ကိုယ်တော်မြတ်ထံသို့သွားသည်။ သို့သော် သူမသည် ကိုယ်တော်မြတ်နှင့်မတွေ့ခဲ့ပေ။ ထို့ကြောင့် သူမသည် မိမိလာရသည့်အကြောင်းရင်းကို အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မကို ပြောပြခဲ့သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မသည်လည်း ကိုယ်တော်မြတ်ရောက်လာသည့်အခါ ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် အိမ်ဖော်တစ်ဦးတောင်းဆိုရန် လာခဲ့ကြောင်းပြောပြခဲ့သည်။ ကိုယ်တော်သည် ဖာသွိမဟ်နှင့်အလီ(ရဿွိယလ္လာဟုအန်ဟုမာ)၏အိမ်သို့ ကြွမြန်းလာခဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ဦးအိပ်ရန် အသင့်ပြင်နေကြပြီဖြစ်သည်။ ကိုယ်တော်မြတ်သည် သူတို့နှစ်ဦးအလယ်တွင်ထိုင်တော်မူခဲ့သည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)သည် မိမိ၏ဗိုက်ပေါ်တွင်ကိုယ်တော့်ခြေတော်နှစ်ဖက်၏အေးမြမှုကိုပါ ထိတွေ့ခံစားရသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ဦးကျွန်ုပ်ထံအိမ်ဖော်ပေးရန်အတွက် တောင်းဆိုနေသည့် အရာထက်ပိုကောင်းသောအရာကို အသင်တို့ကို မသင်ပေးရဘူးလား။ သူတို့နှစ်ဦးက မုချသင်ပေးပါဟုပြောလေသည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ယောက် ညအိပ်ရာဝင်သောအခါ အလ္လာဟုအက္ကဗရ်၃၄ကြိမ်၊ စွဗ်ဟာနလ္လာဟ် ၃၃ ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ ၊ ကို ဖတ်ရွတ်ပါလေ။ ဤဇိက်ရ်သည် အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။