အွတ်စ်မာန်ဗင်န် အဗီလ်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပါသည်။ ကျွန်တော်မျိုးအား ဆွလာသ်၌ ရိုသေကျိုးနွံစွာ ဆောက်တည်ခြင်းကို အတားအဆီးပြုခဲ့သည်။ ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေပြီး ဒွိဟဖြစ်စေခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်း၏ရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။(‘အအူးဇုဗိလ္လာဟိ မင်န် ခင်န်ဇဗ်’ ဖတ်ပါ။) သင်၏ဘယ်ဘက်သို့ တံတွေးအနည်းငယ် သုံးကြိမ်ထွေးလိုက်ပါ။ အွတ်စ်မာန်က ပြောပြသည်မှာ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အမိန့်ပေးသည့်အတိုင်း ပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။