တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏သာဝကတော်များအား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်၍ အသိပေးမိန့်ကြားတော်မူခဲ့သည်။ ကိုယ်တော်သည် အောက်ပါအပြစ်အကုသိုလ် (၃)မျိုးအား မိန့်ကြားခဲ့သည်။ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း။ ဤသည် ခဝပ်ကိုးကွယ်မှုအမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို အလ္လာဟ်အရှင်မြတ်အပြင် အခြားသူအတွက် ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်မှုတွင်လည်းကောင်း၊ မြင့်မြတ်သော ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်ရာတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို တန်းတူပြုလုပ်ခြင်းဖြစ်သည်။ (၂) မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်း။ ဤသည် မိဘနှစ်ပါးကို ကောင်းမွန်စွာပြုစုစာင့်ရှောက်ခြင်းကို စွန့်လွှတ်ခြင်း၊ စကားဖြင့်ဖြစ်စေ လုပ်ရပ်ဖြင့်ဖြစ်စေ မိဘနှစ်ပါးကို ဒုက္ခဖြစ်စေသည့် ကိစ္စတိုင်းကိုဆိုလိုသည်။ (၃) မုသားစကားပြောဆိုခြင်း ၎င်းတွင်မုသားသက်သေထွက်ဆိုခြင်းလည်း ပါဝင်သည်။ ဤသည်လိမ်လည်ပြောဆိုသည့် စကားအားလုံးကို ဆိုလိုပြီး ထိုစကားဖြင့် လိမ်လည်ခံရသူ၏ ဥစ္စာပစ္စည်းကို ရယူရန် သို့မဟုတ် ၎င်း၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားရန် သို့မဟုတ် အလားတူကိစ္စတစ်ခုခုကိုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုသားစကား၏ မကောင်းမှုနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်း၏ဆိုးကျိုးများကို သတိပေးသည့်အနေဖြင့် မုသားစကားပြောဆိုခြင်းကို အကြိမ်ကြိမ်သတိပေးတားမြစ်တော်မူခဲ့ရာ နောက်ဆုံး ဆွဟာဗဟ်များက ကိုယ်တော့်အပေါ် ကရုဏာသက်၍ ကိုယ်တော်အတွက် စိတ်အနှောက်အယှက်ဖြစ်မည်ကို မလိုလားသောကြောင့် တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု စိတ်ထဲမှ ပြောဆိုမိသည်အထိ ဖြစ်ခဲ့ကြသည်။