အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ပြောပြသည်မှာ- ကျွန်မသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ဘေးတွင် အိပ်ပျော်နေခဲ့သည်။ ညအချိန်၌ ကိုယ်တော့်အား မတွေ့ရသဖြင့် ရှာဖွေခဲ့ရာ ကျွန်မသည် လက်ဖြင့် အခန်းအတွင်း (တမန်တော်မြတ် ဆွလာသ်ဝတ်ပြုလေ့ရှိသော) နေရာကို စမ်းခဲ့ရာ ကိုယ်တော်သည် စဂ်ျဒဟ်ဦးချနေသည့်အနေအထားတွင် ရှိနေပြီး ကိုယ်တော်၏ခြေနှစ်ဖက်မှာ ထောင်လျက်ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်၌ ကိုယ်တော်သည် (ဤသို့) ဒုအာဆုတောင်းလျက်ရှိနေသည်- " "(အိုအလ္လာဟ်အရှင်မြတ်) ကျွန် တော်မျိုးသည် အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုကို အားကိုးလျက် အရှင်မြတ်၏ အမျက်ဒေါသမှ (ကျွန် တော်မျိုးအပေါ်၌သော်လည်းကောင်း၊ ကျွန်တော်မျိုး၏အွမ္မသ်နောက်လိုက်သားများအပေါ် ၌ လည်းကောင်း သက်ရောက်ခြင်းမှ) ခိုလှုံခွင့်တောင်းခံပါ၏။ ၎င်းပြင် ကျွန်တော်မျိုးသည် အရှင်မြတ်၏ (များပြားလှသော) ခွင့်လွှတ်ခြင်းကို အားကိုးလျက် အရှင်မြတ်၏ ပြစ်ဒဏ်မှ ခိုလှုံခွင့်တောင်းခံပါ၏။ ၎င်းပြင် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ အရှင်မြတ်မှပင် ခိုလှုံခွင့်တောင်းခံပါ၏။" တစ်နည်း - အရှင်မြတ်၏ သနားကြင်နာမှုနှင့် ကရုဏာတော်ဆိုင်ရာ အရည်အသွေးများဖြင့် အရှင်မြတ်၏ အပြစ်ဒဏ်ပေးမှုဆိုင်ရာ အရည်အသွေးများမှ ခိုလှုံခွင့်တောင်းခံပါ၏။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်မှလွဲ၍ အရှင်မြတ် (၏အပြစ်ဒဏ်) မှ ကာကွယ်စောင့်ရှောက်နိုင်သူ မည်သူမျှမရှိသောကြောင့်ဖြစ်၏။ ထို့ပြင် အရှင်မြတ်ထံ ပြန်လှည့်ခြင်းမှအပ အရှင်မြတ်ထံမှ လွတ်မြောက်ရာ သို့မဟုတ် ခိုလှုံရာဟူ၍ မည်သည့်နေရာမျှမရှိပေ။ ကျွန်တော်မျိုးသည် အရှင်မြတ်အား ချီးမွမ်းခြင်းကို မည်သို့မျှ အပြည့်အဝ မတတ်စွမ်းနိုင်ပါ။" (ဆိုလိုသည်မှာ-) ကျွန်တော်မျိုး ကြိုးစားအားထုတ်စေကာမူ ကျွန်တော်မျိုး၏ အားအင်ချိနဲ့မှုကြောင့် အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကောင်းမှုတော်များကို အရှင်မြတ်နှင့်ထိုက်တန်သည့်အတိုင်း မည်သို့မျှ အပြည့်အဝ ရေတွက်နိုင်ခြင်းမရှိပါ။ "(အိုအလ္လာဟ်အရှင်) အရှင်မြတ်သည် အရှင်မြတ်ကိုယ်တိုင် မိမိကိုယ်ကို ချီးမွမ်းထားတော်မူသည့်အတိုင်း ဖြစ်တော်မူ၏။" (ဆိုလိုသည်မှာ-) အရှင်မြတ်သည် အရှင်မြတ်၏အရည်အသွေးနှင့်ထိုက်တန်စွာ မိမိကိုယ်ကို ချီးမွမ်းတော်မူခဲ့၏။ သို့ဖြစ်ရာ အရှင်မြတ်နှင့်ထိုက်တန်သည့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ချီးမွမ်းနိုင်မည် မဟုတ်ပေ။