မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏စကား၌ ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ သို့မဟုတ် ‘အလ္လာဟ်အရှင်မြတ်နှင့် မည်သူမည်ဝါအလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟု ပြောဆိုခြင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တားမြစ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏အလိုတော်၊ ဆန္ဒတော်သည် အကြွင်းမဲ့ဖြစ်ပြီး ယင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ဖက်စပ်ပါဝင်ခြင်းမရှိပါ။ ‘နှင့်’ ဟု သုံးနှုန်းခြင်းသည် တစ်စုံတစ်ယာက်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ ပါဝင်နေကြောင်းဖော်ပြနေပြီး အရှင်မြတ်နှင့် ၎င်းအား တန်းတူပြုလုပ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ထိုအစား ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟုသာ ပြောဆိုရမည်။ (အလ္လာဟ်အရှင်မြတ်အလိုတော်ရှိမှသာ လူသားအလိုရှိနိုင်မည်ဖြစ်သည့်အတွက်) လူသား၏ အလိုဆန္ဒအား အလ္လာဟ်အရှင်မြတ်၏အလိုတော်၏ နောက်လိုက်အဖြစ်သာ ပြုလုပ်ရမည်။ သို့ဖြစ်၍ ‘နှင့်’ အစား ‘ထို့နောက်’ဟုသာ ပြောရမည်။ အဘယ်ကြောင့်ဆိုသော် ‘ထို့နောက်’ဟူသည် ထိုသို့ပြုပြီး၊ ဖြစ်ပြီးသည့်နောက်ဟု အဓိပ္ပာယ်ရသည်။