တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆိုအလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များမှအပ အခြားတစ်စုံတစ်ရာဖြင့် ကျိန်ဆိုပါက ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်သူ သို့မဟုတ် ‘ရှိရ်က်’ ဖက်စပ်ယှဉ်တွဲကိုးကွယ်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျိန်ဆိုခြင်းဟူသည် တိုင်တည်ကျိန်ဆိုလိုက်သည့်အရာအား ကြီးကျယ်မြင့်မြတ်ကြောင်း သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်မှုသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း အတွက်သာဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များအပြင် အခြားမည်သည့်အရာဖြင့်မျှ ကျိန်ဆိုခွင့်မရှိပေ။ ထိုသို့ကျိန်ဆိုခြင်းသည် ‘ရှိရ်က် အဆ်ွဂရ်’ အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော ရှိရ်က်အသေးစား ကျူးလွန်လိုက်ခြင်းဖြစ်သည်။ သို့သော် ကျိန်ဆိုသူသည် မိမိကျိန်ဆိုရန် တိုင်တည်လိုက်သည့်အရာအား အလ္လာဟ်အရှင်မြတ်ကို ဂုဏ်ပေးသကဲ့သို့ ဂုဏ်ပေးလေးစားခြင်း သို့မဟုတ် ထို့ထက်ပို၍ ဂုဏ်ပေးလေးစားခြင်းမျိုးဖြစ်ပါက ‘ရှိရ်က်အက်ဗရ်’ အစ္စလာမ့်ဘောင်အပြင်သို့ ရောက်စေသော ရှိရ်က်အကြီးစား ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။