အဗူဘကရ်ဆွဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု) အသိပေးတင်ပြခဲ့သည်- လူတို့သည် ဤအာယသ်တော်ကို ဖတ်ရွတ်ကြ၏- “ အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ် ပို့ချ ညွှန်ကြား ပြသပြီးနောက်) အသင်တို့ ကိုယ်ကို အသင်တို့ (ထိန်းသိမ်း စောင့်ရှောက်ရန်) အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ပေ။" (စူရဟ်မာအိဒဟ် - ၁၀၅ )။ သို့ရာတွင် ၎င်းတို့သည် ဤအာယသ်တော်မှ လူသားတစ်ဦးအပေါ်၌ မိမိကိုယ်ကို ပြုပြင်ရန်သာ တာဝန်ရှိပြီး၊ အခြားသူတစ်ဦးဦး လမ်းမှားရောက်ခြင်းသည် မိမိအား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ဟု (မှားယွင်းစွာ) နားလည်သဘောပေါက်ကြသည်။ ထို့ပြင် ၎င်းတို့သည် ကောင်းမှုကို ညွှန်ကြားခြင်း (အမ်ရ်ဘိလ်မအ်ရူဖ်) နှင့် မကောင်းမှုမှ တားမြစ်ခြင်း (နဟီအနိလ်မွန်ကရ်) ကိုပြုလုပ်ရန်တာဝန်မရှိဟုလည်း ထင်မှတ်ကြသည်။ ထို့ကြောင့် အဗူဘကရ်( ရဿွိယလ္လာဟု အန်ဟု ) ထိုသို့မဟုတ်ကြောင်း ၎င်းတို့အား သိစေခဲ့သည်။ ထို့ပြင် အဗူဘကရ်( ရဿွိယလ္လာဟု အန်ဟု )က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဧကန်အမှန် လူတို့သည် မတရားသူကို မြင်လျက်၊ သူ့ကို တားဆီးနိုင်စွမ်းရှိပါလျက် သူ၏မတရားမှုမှ မတားဆီးကြပါက၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို မိမိထံတော်မှ ပြစ်ဒဏ်ချမှတ်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။ (ထိုပြစ်ဒဏ်သည်) မကောင်းမှုကို ပြုလုပ်သူအတွက်သာမက (မြင်လျက်နှင့် မတားဆီးဘဲ) ဆိတ်ဆိတ်နေသူအတွက်ပါ သက်ရောက်လိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်ကို ကြားသိခဲ့ရကြောင်း ၎င်းတို့အား ပြောကြားခဲ့သည်။