တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက် ကောင်းမွန်စွာ (ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဤအပြစ်အကုသိုလ်မှ သောင်ဝ်ဗဟ် အမှားဝန်ချ တောင်းပန်မှုပြုရန် ရည်ရွယ်ချက်ဖြင့် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ် သည် ၎င်းအားမုချခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိ ရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အပြစ်များမှ ချမ်းသာခွင့်ပေးနိုင်သောသူသည် အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက်နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။) ကုရ်အာန် (၃:၁၃၅)