တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စွဟာဗဟ်တို့အား အပြစ်များကို လွတ်ငြိမ်းချမ်းသာခွင့်ရစေပြီး၊ မလာအိကဟ်ကောင်းကင်တမန်များ၏ (မှတ်တမ်း) စာအုပ်များမှ ပပျောက်စေကာ၊ ဂျန္နတ်သုခဘုံ၌ မြင့်မြတ်သော နေရာအဆင့်အတန်းများကို ရရှိစေသည့် အမလ်များကို ညွှန်ပြရမည်လော မေးမြန်းတော်မူခဲ့သည်။ စွဟာဗဟ်များက- ဟုတ်ကဲ့၊ ကျွန်တော်မျိုးတို့သည် ထိုသို့သော အမလ်များကို လိုလားပါ၏ လျှောက်ထားကြ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- ပထမအချက်- ခက်ခဲမှုရှိသော အခြေအနေများ ဥပမာ- ( ဆောင်းရာသီ၏ )အအေး၊ ရေရှားပါးမှု၊ ကိုယ်ခန္ဓာနာကျင်ကိုက်ခဲမှု၊ ရေပူဖြင့်ဆေးကြောရမှု စသည်တို့တွင် ဝူဿွူကို ပြည့်စုံစွာ၊ စနစ်တကျ ပြုလုပ်ခြင်း။ ဒုတိယအချက်- ခရီးဝေးသော ကြောင့် ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လျှောက်ခြင်းနှင့် မကြာခဏ ထပ်ကာထပ်ကာ သွားရောက်ခြင်း။ တတိယအချက်- ဆွလာသ်ဝတ်ပြုချိန်ကို စောင့်ဆိုင်းခြင်း၊ စိတ်နှလုံးကို ဆွလာသ်ဝတ်ပြုမှုဖြင့် ချိတ်ဆက်ထားခြင်း၊ ဆွလာသ်အတွက် အသင့်ပြင်ဆင်ခြင်းနှင့် ဂျမာအသ်နှင့်အတူဝတ်ပြုရန်အတွက် ဗလီ၌ထိုင်ကာ စောင့်ဆိုင်းခြင်း၊ ထို့နောက် ဆွလာသ်တစ်ခုကို ဝတ်ပြုပြီးနောက် နောက်ထပ်ဆွလာသ်အတွက် မိမိ၏ဝတ်ပြုရာနေရာ၌ပင် စောင့်ဆိုင်းနေခြင်း။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအချက်များသည် ရိဗာသွ်အစစ်အမှန် (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်း) ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များသည် နဖ်စ်(စိတ်နှလုံးသား)ပေါ်သို့ ( လွှမ်းမိုးနိုင်သည့် )ရှိုင်တွာန်၏လမ်းကြောင်းများကို ပိတ်ဆို့ပေးပြီး၊ မိမိ၏စိတ်ဆန္ဒကို နှိမ်နင်းကာ၊ စိတ်ထဲဖြစ်ပေါ်လာသော မကောင်းသောအတွေးများကို လက်ခံခြင်းမှ တားဆီးပေးသောကြောင့်ဖြစ်သည်။ ထိုသို့အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အုပ်စုတပ်သားများသည် ရှိုင်တွာန်၏စစ်တပ်များကို အောင်နိုင်ကြသည်။ ထိုအရာသည် အကြီးမြတ်ဆုံးသော ဂျိဟာဒ်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ယင်းအမလ်ကောင်းမှုများသည် ရန်သူ၏စစ်မျက်နှာတွင် စောင့်ကြပ်နေခြင်း(ရိဗာသ်ွ)၏ အဆင့်အတန်းတွင်ရှိနေရခြင်းဖြစ်သည်။