တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မဒီနာမြို့၏ လမ်းတစ်ခုတွင် အဘူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် အဘူဟူရိုင်ရဟ်သည် ဂျနာဗသ် (ရေချိုးရန် တာဝန်ထိုက်သောအခြေအနေ)တွင် ရှိနေခဲ့သည်။ ၎င်းသည် မိမိကိုယ်မိမိ မသန့်မရှင်းဖြစ်နေ သည်ဟု ယူဆကာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဂုဏ်ပေးလေးစားမှုကြောင့်၊ ထိုအခြေအနေတွင် သူ့အနေဖြင့် တမန်တော်မြတ်နှင့် အတူထိုင်ကာ စကားပြောရန် မသင့်လျော်ဟု ထင်မြင်ယူဆခဲ့ပြီး၊ သူသည် တိတ်တဆိတ် ထွက်ခွာသွားပြီး ရေသွားချိုးခဲ့သည်။ ၎င်းပြန်ရောက်လာသောအခါ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သူဘယ်သွားခဲ့ကြောင်း မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ၎င်းက မိမိ၏ခြေအနေကို ရှင်းပြခဲ့ပြီး၊ ဂျနာဗသ်ကြောင့် မသန့်မရှင်းဖြစ်နေသည်ဟု ထင်မြင်ယူဆကာ တမန်တော်မြတ်နှင့် အတူထိုင်ရန် မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အံ့အားသင့်တော်မူပြီး ၎င်းအား ( ဤသို့ ) မိန့်ကြားတော်မူခဲ့သည် - မုအ်မင်န်ယုံကြည်သူသည် သန့်ရှင်းစင်ကြယ်သူဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို မသန့်မဖြစ်ပါ။ သက်ရှိထင်ရှားရှိစဉ်ဖြစ်စေ၊ သေဆုံးကွယ်လွန်ပြီးဖြစ်စေ (သူ၏ခန္ဓာကိုယ်သည် သန့်ရှင်းစင်ကြယ်သည်)။