တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်သည့်အတွက် ရေချိုးရန် ရည်ရွယ်အခါ ဦးစွာပထမ လက်နှစ်ဖက်ကို ဆေးကြောတော်မူသည်။ ထို့နောက် ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ၎င်းနောက် မိမိ၏ခန္ဓာကိုယ်ပေါ်သို့ ရေလောင်းတော်မူသည်။ ပြီးနောက် ဆံပင်အရင်းသို့ ရေရောက်ပြီး ဦးရေပြားစိုပြီဟု ထင်ရလောက်သည်အထိ ဆံပင်များကို မိမိလက်ဖြင့် ပွတ်သပ်တော်မူသည်။ ထို့နောက် ဦးခေါင်းပေါ်မှ သုံးကြိမ်ရေလောင်းကာ ကျန်ခန္ဓာကိုယ်အစိတ်ပိုင်းများကို ဆေးကြောတော်မူသည်။ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ ကျွန်မနှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တို့သည် အိုးတစ်လုံးတည်းမှရေကို အတူခပ်ချိုးလေ့ရှိကြသည်။