အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဗလီဝတ်ကျောင်းတော်အား မူလအဆောက်အဦးထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦးအဖြစ် ပြန်လည်ဆောက်လုပ်ရန် ရည်ရွယ်သည့်အခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ခေတ်တွင်ရှိခဲ့သည့် ဗလီအဆောက်အဦးပုံသဏ္ဌာန် ပြောင်းလဲသွားမည်ဖြစ်သည့်အတွက် လူတို့က မနှစ်သက်ခဲ့ကြပေ။ ယခင်က ဗလီဝတ်ကျောင်းတော်သည် အုတ်ဖြင့်ဆောက်လုပ်ထားပြီး အမိုးမှာ စွန်ပလွံပင်စည်နှင့်ဖြစ်သော်လည်း အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)က ဗလီကို ကျောက်တုံးများ၊ အင်္ဂတေများနှင့် ဆောက်လုပ်ရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)က ၎င်းတို့အား မိမိကြားသိခဲ့သည့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မိန့်ကြားချက်ကို ပြန်လည်ပြောပြခဲ့သည်။ မည်သူမဆို ပြစားလိုစိတ်၊ ကျော်ကြားလိုစိတ်မပါဘဲ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုကို ရည်စူးကာ ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအား သူ၏လုပ်ရပ်ထက် ပိုကောင်းမြတ်သည့် အစားကိုပေးတော်မူမည်ဖြစ်သည်။ ထိုအစားမှာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုအတိုင်းပင် အဆောင်တစ်ဆောင် ဆောက်လုပ်ပေးတော်မူမည်ဖြစ်သည်။