နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဗလီအတွင်း၌ မိမိ၏ တပည့်သာဝကများနှင့်အတူ ရှိနေခဲ့သည်။ ထိုအချိန်တွင် ကျေးတော သားတစ်ဦးသည် တောအရပ်မှ ရောက်လာပြီး ဗလီ၏ ထောင့်တစ်နေရာတွင် ထိုင်ကာ ဆီးသွားခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက သူ့ကို ဆူပူကြိမ်းမောင်းခဲ့ကြပြီး "ရပ်လိုက်၊ ဆီးသွားတာရပ်လိုက်" ဟု ပြောဆိုကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "သူ့ကို လွှတ်ထားလိုက်ကြ၊ သူ့ဆီးသွားခြင်းကို မရပ်တန့်လိုက်နှင့်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက ထိုသူ ဆီးသွားပြီးသည်အထိ သူ့ကို လွှတ်ထားလိုက်ကြရသည်။ ထို့နောက် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုကျေးတောသားကိုခေါ်၍သူ့အား- ဧကန်စင်စစ် ဤဗလီဝတ်ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော နေရာများဖြစ်သည်။ စင်စစ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဆွလာသ်ဝတ်ပြုခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ခြင်း စသည်တို့အတွက်သာ ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့လေသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗီတစ်ဦးအား အမိန့်ပေးတော်မူခဲ့ရာ ၎င်းသည် ရေပြည့်နေသော ရေပုံးတစ်လုံးကို ယူလာကာ ယင်း ဆီးသွားခဲ့သည့်နေရာကို ဖြည်းညှင်းစွာ ရေလောင်း(ဆေးကြော)ခဲ့လေသည်။