နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အမျိုးသမီးတစ်ဦးသည် မိမိ၏ အုပ်ထိန်းသူများ ၏ ခွင့်ပြုချက်မရှိဘဲ မိမိကိုယ်ကို နိကာဟ်ပြုလုပ်ခြင်းမှ တားမြစ်သတိပေးတော်မူပြီး၊ သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်ကြောင်း သတိပေးမိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤစကားကို သုံးကြိမ်တိုင်တိုင် ထပ်ကာထပ်ကာ မိန့်ကြားတော်မူခဲ့ပြီး၊ ထိုနိကာဟ်သည် လုံးဝလက်မထပ်ရသေးသကဲ့သို့ပင် ဖြစ်ကြောင်း (သတိပေးမိန့်ကြားတော်မူခဲ့သည်။) အကယ်၍ အုပ်ထိန်းသူဝလီ၏ ခွင့်ပြုချက်မပါသည့် အမျိုးသမီးနှင့် နိကာဟ်ပြုလုပ်ခဲ့သောအမျိုးသားက သူမနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမနှင့် ကာမမှုကို ကျူးလွန်ခဲ့သည့်အတွက် သူမအား မဟရ်အပြည့်အဝ ပေးဆောင်ရမည်။ တစ်ဖန် နိကာဟ်ပြုပေးရန် အုပ်ထိန်းပိုင်ခွင့်နှင့်ပတ်သတ်၍ အုပ်ထိန်းသူများကြား ငြင်းခုံမှုဖြစ်ပွားပါက - ၎င်းတို့၏ အုပ်ထိန်းခွင့်အဆင့်အတန်း တူညီနေပါက - သတို့သမီး၏ ကောင်းကျိုးအတွက်သာ စဉ်းစားလျက် နိကာဟ်ပြုထိမ်းမြားပေးရန် ပထမဆုံး စတင်သူအား နိကာဟ်လုပ်ပေးခွင့် ပေးအပ်ရမည်။ အကယ်၍ အုပ်ထိန်းသူက လက်ထပ်ခွင့်ပေးရန် ငြင်းဆိုပါက သူ့အား သတို့သမီး၏ အုပ်ထိန်းသူအဖြစ် မှတ်ယူခြင်း မရှိတော့ပေ။ ထိုအခါ အစိုးရအာဏာပိုင်သို့မဟုတ် တရားသူကြီးနှင့် အလားတူသူများက သတို့သမီး၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရမည်။ သို့ရာတွင် အုပ်ထိန်းသူရှိပါက အစိုးရအာဏာပိုင်တွင် အုပ်ထိန်းသူဖြစ်ခွင့် လုံးဝမရှိပေ။