တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ ဆွလာသ်အတွက် မုအဇ္ဇင်န်၏ဖိတ်ခေါ်သံကို ကြားသူသည် (ဟိုင်းယ္ယာအလဆ်ဆွလာဟ်နှင့် ဟိုင်းယ္ယာအလလ် ဖလာဟ်)မှလွဲ၍ ကျန်စာသားများကို မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုရမည်။ သို့သော် ထိုစာသားနှစ်ပိုဒ်တွင် ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟု’ ဆိုရမည်။ အဇာန်အား အဖြေပေးပြီးနောက် တမန်တော်မြတ်အပေါ်သို့ ဆွလာသ်(ဒရူးဒ်) ပို့သရမည်။ မည်သူမဆို ကိုယ်တော်မြတ်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ‘ဆွလာသ်’ကရုဏာတော်ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ကျေးကျွန် တစ်ဦးတစ်ယောက်ပေါ်သို့ အလ္လာဟ်အရှင်မြတ်က ‘ဆွလာသ်’ချီးမြှင့်ခြင်းဟူသည် ထိုကျေးကျွန်နှင့်ပတ်သက်၍ ကောင်းကင်တမန်များကြားတွင် ချီးမွမ်းခြင်းဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ဝစီလဟ် တောင်ခံပေးကြရန် မိန့်ကြားတော်မူခဲ့သည်။ ယင်းသည် ဂျန္နသ်သုခဘုံ၌ အမြင့်မားဆုံး အဆင့်အတန်းဖြစ်သည်။ ထိုအဆင့်အတန်းကို အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များအနက် ကျေးကျွန်တစ်ဦးကသာ ရရှိမည်ဖြစ်၍ ကိုယ်တော်က ထိုအဆင့်အတန်းကို ရရှိမည့်သူမှာ မိမိပင်ဖြစ်မည်ဟု မျှော်လင့်ထားသည်။ ဤသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိကိုယ်မိမိ နှိမ့်ချ၍မိန့်ကြားခဲ့ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမြင့်မားသည့်အဆင့်အတန်းသည် လူတစ်ဦးအတွက်သာဖြစ်မည်ဆိုလျှင် ထိုသူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဖန်ဆင်းခံများအနက် အမွန်မြတ်ဆုံးဖြစ်တော်မူသည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအား ဝစီလဟ်ရရန် ဆုတောင်းပေးသူသည် မိမိ၏ရှဖာအဟ်ကြားဝင်အသနားခံပေးမှုကို ရရှိမည်ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။