အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီးအရှင်မြတ်၏သာသနာအပေါ် မြဲမြံစွာနေသူများ၊ ကောင်းရာညွှန်ကြားပြီး မကောင်းရာမှတားမြစ်သူများနှင့် အရှင်မြတ်၏တရားတော်ကို ချိုးဖောက်ပြီး ပြစ်မှုဒုစရိုက်၌ ကျရောက်သွားသူများ၊ ကောင်းရာညွှန်ကြားခြင်းကို စွန့်လွှတ်ပြီး လူ့အဖွဲ့အစည်း၏ အောင် မြင်မှုကိုပါ ထိခိုက်စေသည့် မကောင်းမှုများကို ကျူးလွန်ကြသူများသည် သင်္ဘောတစ်စင်းအား စီးနင်းခဲ့ကြသောလူတစ်စုနှင့်တူကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ထိုလူစုသည် မည်သူက သင်္ဘောအပေါ်ထပ်တွင်ထိုင်ရမည်၊ မည်သူက အောက်ထပ်တွင်ထိုင်ရမည်ကို မဲနှိုက်ဆုံးဖြတ်ခဲ့ကြရာ အချို့သည် အပေါ်ထပ်တွင်မဲပေါက်ပြီး အချို့က အောက်ထပ်တွင် မဲပေါက်သွားသည်။ အောက်ထပ်တွင်ရှိသူများသည် ရေယူလိုသောအခါ အပေါ်ထပ်ရှိသူများ၏အနားမှ ဖြတ်သွားရသည်။ ထို့ကြောင့် အောက်ထပ်တွင်ရှိနေသူများက ကျွန်ုပ်တို့သည် အပေါ်ထပ်တွင်ရှိနေသူများကို ဒုက္ခမပေးလို၍ မိမိတို့ရှိကြသည့် အောက်ထပ်၌ပင် အပေါက်ဖောက်၍ ရေယူကြလျှင် ပိုကောင်းမည်ဟု ပြောဆိုကြသည်။ အကယ်၍ အပေါ်ထပ်၌ရှိသောသူများသည် အောက်ထပ်ရှိသူတို့၏ ထိုလုပ်ရပ်ကို လျစ်လျှူရှုထားပါက ၎င်းတို့အားလုံးနှင့် သင်္ဘောပါနစ်မြုပ်သွားကြမည်ဖြစ်သည်။ အကယ်၍ အပေါ်ထပ်တွင်ရှိနေသူတို့သည် အောက်ထပ်တွင်ရှိနေသူများအား တားဆီးလိုက်ပါက နှစ်ဖွဲ့စလုံးလွတ်မြောက်သွားကြမည်ဖြစ်သည်။