တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူ့အဖွဲ့အစည်းတွင် ရှိသော မွတ်စ်လင်မ်တိုင်းတွင် ထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ အုပ်ချုပ်သူခေါင်းဆောင်သည် အလ္လာဟ်အရှင်မြတ်က မိမိအား အုပ်ချုပ်ခွင့်ပေးအပ်ထားသော လက်အောက်ခံများ၏ အုပ်ထိန်းသူဖြစ်သည်။ သို့ဖြစ်၍ ၎င်းအပေါ်၌ သူတို့၏ သာသနာရေးကိစ္စများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သူတို့အား မတရားလုပ်သူတို့မှ ကာကွယ်ပေးရန်၊ သူတို့၏ ရန်သူများကို တိုက်ခိုက်ရန်နှင့် သူတို့၏အခွင့်အရေးများ ဆုံးရှုံးခြင်းမရှိစေရန် တာဝန်ရှိသည်။ အိမ်ထောင်ဦးစီး အမျိုးသားသည် မိမိအိမ်သူအိမ်သားများအား စားဝတ်နေရေးထောက်ပံ့ရန်၊ ကောင်းမွန်စွာဆက်ဆံရန်၊ ပညာသင်ကြားပေးရန်နှင့် စာရိတ္တပျိုးထောင်ပေးရန် တာဝန်ရှိသူဖြစ်သည်။ ဇနီးသည် မိမိခင်ပွန်း၏ အိမ်ကို ကောင်းမွန်စွာ ထိန်းသိမ်းရန်နှင့် သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် တာဝန်ရှိသူဖြစ်သည်။ သူမသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်း ခံရမည်ဖြစ်သည်။ အစေခံနှင့် အလုပ်သမားသည် မိမိထံတွင်ရှိသော သခင်၏ ဥစ္စာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သခင့်အား အမှုတော်ထမ်းရန် တာဝန်ရှိသည်။ ၎င်းသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်းသည်မိမိအား အပ်နှင်းထားသော တာဝန်ဝတ္တရားများအတွက် အုပ်ထိန်းသူဖြစ်ပြီး လူတိုင်းသည် မိမိ၏လက်အောက်ခံများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။