တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဇနီးမယားများကို ရိုက်နှက်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့နောက် အမီရုလ်မုအ်မင်နီးန် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) လာရောက်၍- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးများသည် ၎င်းတို့၏ ခင်ပွန်းသည်များအပေါ် အတင့်ရဲ( ရိုင်းပြ ) လာကြပြီး ၎င်းတို့၏ အကျင့်အမူများသည် ယိုယွင်းပျက်စီးလာပါသည်" ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခင်ပွန်းသည်၏ အခွင့်အရေးကို ငြင်းဆန်ခြင်း၊ အမိန့်ဖီဆန်ခြင်း စသည့်အကြောင်း ရင်းများရှိပါက မနာကျင်စေသောပုံစံဖြင့် ရိုက်နက်ခြင်းကို ခွင့်ပြုခဲ့သည်။ ထို့နောက် အမျိုးသမီးများသည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဇနီးသည်များထံ သူမတို့၏ ခင်ပွန်းများ၏ နာကျင်စေသော ရိုက်နှက်မှုနှင့် ခွင့်ပြုချက်ကို အလွဲသုံးစားလုပ်ခြင်းများကို လာရောက် တိုင်ကြားခဲ့ကြသည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်မှာ- "မိမိတို့၏ ဇနီးများကို နာကျင်စေသော ရိုက်နှက်မှုဖြင့် ရိုက်နက်အပြစ်ပေးသော ယောက်ျားများသည် အသင်တို့အနက် အကောင်းဆုံးသူများ မဟုတ်ကြပေ။"