တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့၏ ဥစ္စာပစ္စည်းများကို မမှန်ကန်သောနည်းဖြင့် သုံးစွဲကြသူများ၊ ဥစ္စာပစ္စည်းများကို မတရားသဖြင့် ရယူကြသူများနှင့် စပ်လျဉ်း၍ အသိပေးမိန့်ကြားခဲ့သည်။ ၎င်း၏ဆိုလိုရင်း၌ ဥစ္စာပစ္စည်းကို မတရားသဖြင့် စုဆောင်းရှာဖွေခြင်း၊ မသုံးစွဲသင့်သည့်နေရာများတွင် သုံးစွဲခြင်းစသည်တို့အားလုံးပါဝင်သည်။ ထိုလုပ်ရပ်ထဲ၌ ဘမဲ့ကလေးများ၏ ပစ္စည်းဥစ္စာများကို စားသုံးခြင်း၊ ဝက်ဖ် လှူဒါန်းထားသောဥစ္စာပစ္စည်းအား မစားထိုက်ဘဲစားသုံးခြင်း၊ ယုံကြည်စွာအပ်နှံထားသော ပစ္စည်းများကို ပေးရန်ငြင်းဆိုခြင်း၊ အများပိုင်ပစ္စည်းများကို မယူထိုက်ဘဲရယူခြင်း စသည်တို့အားလုံးပါဝင်သည်။ သို့ဖြစ်၍ ကိယာမသ်နေ့တွင် ထိုသို့ပြုကြသူတို့၏အစားသည် ဂျဟန္နမ်ငရဲမီးပင်ဖြစ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်။