အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အပင်(သို့) မြက်အချို့ဖြင့် ရက်လုပ်ထားသော ဖျာငယ်တစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က လျှောက်ထားခဲ့ကြသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ ကိုယ်တော့်အတွက် ဤကြမ်းတမ်းသော ဖျာပေါ်တွင် အိပ်စက်ခြင်းထက် ပိုမိုကောင်းမွန်သည့်နူးညံ့ပျော့ပျောင်းသော အိပ်ယာခင်းတစ်ခုကို ပြုလုပ်ပေးပါရစေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၌ လောကီကို ချစ်ခင်တွယ်တာခြင်းနှင့် ရင်းနှီးကျွမ်းဝင်လိုခြင်းမရှိသောကြောင့် ယင်းအား လိုလားတပ်မက်ခြင်းမရှိပေ။ ထို့ကြောင့် ဒွန်ယာလောက၌ ငါကိုယ်တော်၏တည်ရှိနေခြင်း၏ ဥပမာသည် အရိပ်ရသော သစ်ပင်တစ်ပင်အောက်တွင် ခေတ္တနားပြီး ထွက်ခွာသွားသော ခရီးသည်တစ်ဦးကဲ့သို့သာ ဖြစ်၏။