တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန် စောစောစီးစီးသွားခြင်း၏အကျိုးကုသိုလ်ကို ဤသို့အသိပေးမိန့်ကြားထားသည်။ ဂျုမုအဟ်နေ့ နေထွက်သည့်အချိန်မှစ၍ခွသ်ဗဟ် ပေးမည့်အိမာမ်ရောက်လာသောအချိန်အတောအတွင်း ရောက်လာသူတိုင်းအား စောစီးစွာရောက်သူဟုသတ်မှတ်ထားပြီး ယင်းအချိန်သည် ပျမ်းမျှအားဖြင့် ငါးချိန်ရှိသည်။ ယင်းအချိန်ငါးချိန်ကို နေထွက်သည့်အချိန်မှစ၍အိမာမ်ဗလီထဲဝင်သည်အထိ၊ ထို့နောက်ခွသ်ဗဟ်ပေးရန် မင်န်ဗရ်ပေါ်တက်ခြင်း စသည့်အချိန်များနှင့်အညီ အောက်ပါအတိုင်း အချိန်ငါးချိန်ခွဲပေးထားသည်။ ၁။ မည်သူမဆို ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း အပြည့်အဝရေချိုးပြီး ဂျုမုအဟ်ဆွလာသ်ဝတ်ပြုသောဗလီသို့ ပထမအချိန်၌ထွက်ခွါသွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၂။ ဒုတိယအချိန်၌သွားသောသူသည် နွားတစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၃။ တတိယအချိန်၌သွားသောသူသည် သိုးထီးတစ်ကောင် လှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၄။ စတုတ္ထအချိန်၌သွားသောသူသည် ကြက်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၅။ ပဉ္စမအချိန်မှသွားသောသူသည် ဥတစ်လုံးလှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အိမာမ်သည် သောကြာနေ့ခွသ်ဗဟ်မိန့်ခွန်းဟောကြားရန် ထွက်လာသောအခါ၊ ဗလီဝင်တံခါးများတွင်ထိုင်၍ဗလီသို့ ပထမ၊ ဒုတိယ၊ တတိယ အစဉ်အလိုက် ဝင်လာသူများ၏ကုသိုလ်ကို ရေးမှတ်နေသော မလာအိကဟ် ကောင်းကင်တမန်တော်များသည် ရေးမှတ်ခြင်းကို ရပ်တန့်ကာ အိမာမ်၏ခွသ်ဗဟ် မိန့်ခွန်းဟောကြားနေမှုကို နားထောင်ရန် လာရောက်ကြသည်။