တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်အချို့နှင့် အတူရှိနေတော်မူပြီး ၎င်းတို့အား အောက်ပါကိစ္စများကို လိုက်နာရန်အတွက် မိမိထံတွင် ကတိသစ္စာပြုကြရန် သုံးကြိမ်တိုင်တိုင် တောင်းဆိုတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံကာ တားမြစ်ချက်များကို ရှောင်ကြဉ်ပြီး အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်၊ အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန် (၂) နေ့နှင့်ညတွင် ဖရ်ဿ်ွ ဆွလာသ် ငါးကြိမ်ဆောက်တည်ရန် (၃) ကောင်းသည့်ကိစ္စရပ်များတွင် မွတ်စ်လင်မ်တို့အား အုပ်ချုပ်သည့် အာဏာပိုင်များ၏ အမိန့်ကိုနာခံရန် (၄) မိမိတို့၏ လိုအပ်ချက်အားလုံးကို အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပြီး လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ တောင်းခံခြင်း မပြုရန်၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအချက်အား မိမိအသံကို နှိမ့်ချကာ မိန့်ကြားတော်မူခဲ့သည်။ ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)များသည် ကိုယ်တော်ထံတွင် ကတိသစ္စာပြုခဲ့ကြသည့် ကိစ္စများကို လိုက်နာစောင့်ထိန်းခဲ့ကြသည်။ ဟဒီးဆ်တော်ကို ဆင့်ပြန်ခဲ့သူက ပြောပြသည်မှာ ကျွန်တော်သည် ထိုဆွဟာဗဟ်များအနက် အချို့အား မြင်တွေ့ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် နှင်တံကျသွားလျှင်လည်း မိမိအား ကောက်ပေးရန် မည်သူ့ကိုမျှ မတောင်းဆိုဘဲ ကိုယ်တိုင်ဆင်း၍ ကောက်သည်။