(ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ ထိုနေ့၌ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်က အသင်တို့အား ချီးမြင့်ထားသည့် စည်းစိမ်များနှင့်စပ်လျဉ်း၍ ကျေးဇူးသိတတ်ခဲ့ကြသလားဟု မကြာမီ အသင်တို့မေးမြန်းခြင်းခံရလိမ့်မည်ဖြစ်သည်။ အထက်ပါ အာယသ်တော် ကျရောက်လာသည့်အခါ ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ်(ရဿွိယလ္လာဟုအန်ဟု)က မေးမြန်းသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အလွန်တန်ဖိုးနည်းသည့်အတွက် စစ်ဆေးမေးမြန်းရန်ပင်မလိုအပ်သော နိအ်မသ်နှစ်ခုသာရှိပေသည်။ ၎င်းတို့မှာ စွန်ပလွံသီးနှင့်ရေ ဖြစ်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ ယခုလက်ရှိအခြေနေတွင်ရှိသည့် စည်းစိမ်နှင့်ပတ်သက်၍လည်း အသင်တို့ မုချမေးမြန်းခြင်းခံရလိမ့်မည်။ ၎င်းစည်းစိမ်နှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်စည်းစိမ်တော်များအနက်မှကြီးကျယ်လှသည့် စည်းစိမ်နှစ်ခုဖြစ်သည်။