အုဗိုင်ယ် ဗင်န် ကအ်ဘ်(ရဿွိယလ္လာဟု အန်ဟု)က ဆင့်ပြန်ပြောပြခဲ့သည်။ အန်ဆွာရီဆွဟာဗီတစ်ဦးရှိခဲ့ပြီး ၎င်း၏အိမ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)၏ ဗလီနှင့် အဝေးဆုံးနေရာတွင် ရှိခဲ့သည်။ သို့သော်လည်း ထိုသူသည် ဆွလာသ်တစ်ကြိမ်မျှ မလွတ်ခဲ့ပေ။ ဤမျှသာမက သူသည် ဆွလာသ်တိုင်းတွင် တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ပါဝင်ဝတ်ပြုခဲ့သည်။ ထိုအခါ လူတို့က သူ့အား ဤသို့ပြောခဲ့သည်။ အကယ်၍ သင်သည် ည၏အမှောင်ထုနှင့် နေ့၏ပူပြင်းမှုအတွင်း စီးနင်းရန် မြည်းတစ်ကောင်ဝယ်ထားလျှင် (ကောင်းမည် ဟု ပြောခဲ့သည်) ထိုအခါ သူက - ကျွန်ုပ်၏အိမ်သည် ဗလီအနီးတွင် ရှိခြင်းကို ကျွန်ုပ် မနှစ်သက်ပါ။ အဘယ် ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏ဗလီသို့ ဆွလာသ်ဝတ်ပြုရန် လမ်းလျှောက်သွားခြင်း နှင့် ကျွန်ုပ်၏မိသားစုထံဗလီမှ (လမ်း လျှောက်၍) ပြန်လာခြင်း၏ (အကျိုးစဝါးဗ်ကို ) ရေးသားမှတ်တမ်းတင်တော်မူရန် ကျွန်ုပ်လိုလားသောကြောင့်ဖြစ်သည် ဟု ပြန်ပြောခဲ့သည်။ နောက်ဆုံးတွင် သူ၏စကားသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ရောက်ရှိခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က - "အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးကို သင့်အတွက် စုစည်းပေးတော်မူခဲ့လေပြီ" ဟု မိန့်ကြားတော်မူခဲ့သည်။