တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒီန်သာသနာနှင့် အမိန့်နာခံမှုအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် လမ်းမှားရောက်ခြင်းမှ ကင်းဝေးရန် မကြာခဏ ဒုအာတောင်းခံတော်မူလေ့ရှိသည်။ အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဤဒုအာကို မကြာခဏတောင်းခံခြင်းကို အံ့ဩခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူသား ၏ စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ရှိကြောင်း၊ အရှင်မြတ်သည် အလိုတော်ရှိရာ လှည့်ပြောင်းတော်မူကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ စိတ်နှလုံးသည် အီမာန်ယုံကြည်မှုနှင့် ကုဖ်ရ်သွေဖည်ငြင်းဆန်မှု၏ ဗဟိုချက်ဖြစ်သည်။ စိတ်နှလုံးကို "ကလ်ဗ်" ဟု အမည်ပေးရခြင်းမှာ ၎င်း၏ လျင်မြန်စွာ ပြောင်းလဲတတ်သော သဘော သဘာဝကြောင့်ဖြစ်သည်။ စိတ်နှလုံးသည် (မီးဖိုပေါ်) ရှိ ဆူပွက်နေသော အိုးထက်ပင်လျှင် ပို၍ မတည်မငြိမ်ဖြစ်ကာ ပြောင်းလဲတတ်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူ၏ စိတ်နှလုံးကို လမ်းမှန်ပေါ် ခိုင်မြဲစေတော်မူပြီး၊ အလိုရှိသူ၏ စိတ်နှလုံးကို လမ်းမှားသို့ လှည့်စေတော်မူသည်။