တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် စူလိုင်မ်မျိုးနွယ်ရဲ့ ဇကာသ်များကို ကောက်ခံရန် အိဗ်နုလ်လုသ်ဗီယဟ် ဟုခေါ်သော လူတစ်ဦးအား ခန့်အပ်တာဝန်ပေးခဲ့သည်။ သူသည် မဒီနာသို့ ပြန်ရောက်လာသောအခါ ကိုယ်တော်က သူကောက်ခံခဲ့သော အရာများနှင့် သူသုံးစွဲခဲ့သော အရာများကို စာရင်းအင်းစစ်ဆေးတော်မူခဲ့၏။ ထိုအခါ အိဗ်နုလ်လုသ်ဗီယဟ်က ဤသို့ပြောသည် - ထိုအခါ အိဗ်နုလ်လုသ်ဗီယဟ်က ဤသို့ ပြောဆိုခဲ့သည်- "ဤသည်ကား ကျွန်တော်မျိုးကောက်ခံခဲ့သော ဇကာသ်ပစ္စည်းများ ဖြစ်ပြီး၊ ဤသည်ကား ကျွန်တော်မျိုးအား လက်ဆောင်အဖြစ် ပေးအပ်ခြင်းခံရသော ပစ္စည်းများ ဖြစ်ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က သူ့အား ဤသို့ မိန့်ကြားခဲ့သည်- သင်သည် သင်၏မိဘများအိမ်၌ နေခဲ့လျှင် သင့်ထံသို့ လက်ဆောင်တစ်စုံတစ်ရာ ရောက်ရှိလာမည်လော ဆိုသည်ကို စောင့်ကြည့်နေခဲ့သင့်သည်။ အကယ်၍ သင်သည် မှန်ကန်သူဖြစ်ခဲ့လျှင် (သင့်ထံ လက်ဆောင် ရောက်လာမည်မဟုတ်)။ အမှန်စင်စစ် သင်လုပ်ဆောင်ခဲ့သော တာဝန်များကြောင့်သာ ဤလက်ဆောင်ကို သင်ရရှိခြင်းဖြစ်သည်။ အကယ်၍ သင်သည် သင်၏ အိမ်၌သာ နေထိုင်ခဲ့မည်ဆိုလျှင် သင့်ထံသို့ မည်သည့်လက်ဆောင်မျှ ရောက်ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းဥစ္စာပစ္စည်းများကို လက်ဆောင်ပုံစံအားဖြင့် သင့်ထံရောက်ရှိလာသည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ကို သင်၏ဥစ္စာအဖြစ် မှတ်ယူခွင့်မရှိပေ။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် အမျက်ဒေါသထွက်တော်မူလျက် တရားဟောပြောရန်အလို့ငှာ မင်မ်ဗရ်ပေါ်သို့ တက်ရောက်တော်မူပြီး အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုကာ မိန့်ကြားတော်မူသည်မှာ- အမှန်စင်စစ် ငါကိုယ်တော်သည် သင်တို့အနက်မှ အမျိုးသားတစ်ဦးအား အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား အုပ်ချုပ်စီမံခွင့်ပေးထားသော ဇကာသ်များနှင့် စစ်သုံ့ပန်ပစ္စည်းများကို ကောက်ခံသူအရာရှိအဖြစ် ခန့်အပ်တော်မူခဲ့၏။ ထိုသူသည် မိမိ၏တာဝန်ထမ်းဆောင်မှုမှ ပြန်လာပြီး ဤသို့ပြောဆိုလေသည်- ဤပစ္စည်းများသည် သင်တို့အတွက် (ကောက်ခံထားသော ဇကာသ်)ဖြစ်၍ ဤပစ္စည်းများကား ကျွန်ုပ်ထံသို့ လက်ဆောင်အဖြစ် ပေးပို့ခြင်းခံရသော ပစ္စည်းများဖြစ်ပါသည်။ သို့ဖြစ်လျှင် သူသည် သူ့ထံ(သီးသန့်ပေးအပ်သော ) လက်ဆောင်ပစ္စည်းများ ရောက်လာသည့်တိုင် သူ၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော။ အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍ ပြောမည်၊ မည်သူမဆို မတရားသော နည်းလမ်းဖြင့် တစ်စုံတစ်ရာကို ရယူခဲ့သော် ကိယာမသ်နေ့တွင် ယင်းပစ္စည်းကို မိမိ၏လည်ပင်းတွင် ထမ်းလျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သူ(မတရားသဖြင့်)ယူခဲ့သောအရာသည် ကုလားအုပ်ဖြစ်ခဲ့လျှင် ယင်းကုလားအုပ်သည် (ကုလားအုပ်များ အော်သံပေးသလို) အော်မြည်သံဖြင့် ၊ နွားမဖြစ်ခဲ့လျှင် (နွားများ အော်သံပေးသလို) အော်မြည်သံဖြင့်၊ သိုးမဖြစ်ခဲ့လျှင် (သိုးများ အော်သံပေးသလို) အော်မြည်သံဖြင့် ( မတရား ယူငင်သိမ်းပိုက်ခံရကြောင်း သက်သေခံလိမ့်မည်ဖြစ်သည်)။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် မိမိ၏လက်နှစ်ဖက်ကို အလွန်အမင်း မြှောက်လိုက်ရာ ထိုနေရာ၌ ထိုင်နေသော သူများပင် ကိုယ်တော်၏ ဖြူဖွေးနေတော်မူသော ချိုင်းနှစ်ဖက်ကို မြင်တွေ့ကြရသည်။ ထို့နောက် ကိုယ်တော်မြတ်က " အရှင်မြတ်၏ အမိန့်တော်ကို ငါကိုယ်တော် အသင်တို့အား ပို့ချခဲ့ပြီးဖြစ်သည်။ အိုအလ္လာဟ်အရှင်မြတ်- အရှင်မြတ် သက်သေထူတော်မူပါ" ဟု မိန့်ကြားတော်မူသည်။ ထို့နောက် အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ ( ရဿွိယလ္လာဟုအန်ဟု) က ဤအ ကြောင်းအရာကိုမိမိ၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း၊ မိမိ၏နားဖြင့် ကိုယ်တိုင်ကြားခဲ့ရကြောင်း ပြောပြခဲ့သည်။