အဘူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) က ၎င်းအား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယီမင် နိုင်ငံသို့ စေလွှတ်သည့်အခါ၊ ထိုယီမင်နိုင်ငံတွင် ပြုလုပ်သည့် သောက်သုံးစရာများနှင့်ပတ်သတ်၍ ၎င်းတို့မှာ ဟရာမ်ဖြစ်ပါသလားဟု မေးမြန်းလျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ထိုသောက်သုံးစရာများသည် (အဘယ်အရာများဖြင့်ပြုလုပ်ထားသည်ကို )မေးမြန်းတော်မူခဲ့၏။ ထိုအခါ အဘူမူစာ ( ရဿွိယလ္လာဟု အန်ဟု )က ၎င်းမှာ - " ဘိသ်အ် " ပျားရည်နဲ့ပြုလုပ်ထားတယ့် သောက်သုံးစရာဖြစ်ပြီး၊ " မိဇရ် " မုယောစပါးဖြင့်ပြုလုပ်ထားတယ့် သောက်သုံးစရာဖြစ်ပါသည် ဟု လျှောက်ထားခဲ့၏။ ထိုအခါ ပြည့်စုံကြွယ်ဝသော စကားရပ်တော်များကို ချီးမြှင့်ခြင်းခံရတော်မူတယ့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က " မူးယစ်စေတယ့် အရာအားလုံးသည် ဟရာမ်ဖြစ်သည်" ဟု မိန့်ကြားတော်မူခဲ့သည်