အနတ်စ် ဗင်န် မာလစ်က်(ရဿွိယလ္လာဟုအန်ဟု)က ဤသို့ ဆင့်ပြန်တင်ပြခဲ့သည်- သူသည် မိမိမိခင်၏ခင်ပွန်းဖြစ်သူ အဘူသွလ်ဟာ(ရဿွိယလ္လာဟုအန်ဟု)၏ အိမ်ရှိလူများကို အရက်တိုက်ကျွေးသည့် တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ထိုအချိန်က ၎င်းတို့၏ အရက်မှာ ‘ဖဿွီးဟ်’ (မှည့်သွားသောစွန်ပလွံသီးခြောက်နှင့် မမှည့်သေးသော စွန်ပလွံသီးအစိမ်းကို ရောချက်ထားသောအရက်) ဖြစ်သည်။ ထိုအချိန်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကြွေးကြော်သူက ‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်လာသည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - အဘူသွလ်ဟာက ကျွန်ုပ်အား ‘ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လော့’ ဟု ပြောဆိုခဲ့၏။ ကျွန်ုပ်သည် ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လိုက်ရာ၊ မဒီနာမြို့၏လမ်းများတစ်လျှောက် စီးဆင်းသွားသည်။ ထိုအခါ လူအချို့က "အရက်ဟရာမ်မဖြစ်မီက သူတို့၏ဝမ်းထဲတွင် အရက်ရှိနေသည့် စွဟာဗဟ်များလည်း သေဆုံးသွားပြီ" ဟု ပြောကြရာ အလ္လာဟ်အရှင်က ဤအာယသ်တော်ကို ချမှတ်တော်မူခဲ့သည်- [အီမာန်ယုံကြည်ပြီး ကောင်းမှုများပြုကျင့်သောသူများအပေါ်၌ (ယခင်က) သုံးဆောင်ခဲ့သည့်အရာများအတွက် အပြစ်မရှိပေ]။ (အလ်-မာအိဒဟ် ၅း၉၃) ဆိုလိုသည်မှာ အရက်ဟရာမ်မဖြစ်မီက သောက်စားခဲ့ကြသော အီမာန်ယုံကြည်သူများအတွက် ထိုအရာတွင် အပြစ်တစ်စုံတစ်ရာ မရှိပေ။