အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ တပည့်သာဝကများထဲမှ အုပ်စုတစ်စုနှင့်အတူ ထိုင်နေတော်မူခဲ့ပြီး၊ (ထို)အုပ်စုထဲ၌ အဗူဘကရ်နှင့် အုမရ်( ရဿွိယလ္လာဟုအန်ဟုမာ) တို့လည်း ရှိနေသည်။ ထို့နောက် ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထသွားတော်မူပြီး၊ ကျွန်ုပ်တို့ထံ ပြန်လာရန် ကြန့်ကြာနေတော်မူသဖြင့်၊ စွဟာဗဟ်သာဝကများသည် ကိုယ်တော့်အား ရန်သူတစ်ဦးဦးက ဖမ်းဆီးခြင်း သို့မဟုတ် အခြားသော ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်မည်ကို စိုးရိမ်ခဲ့ကြ၏။ စွဟာဗဟ်များသည် ထိတ်လန့်ကာ ထရပ်လိုက်ကြသည်။ အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု) သည် ပထမဦးဆုံး ထိတ်လန့်ခဲ့သူဖြစ်ပြီး၊(ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ကာ) နောက်ဆုံးတွင် ဗနီနဂျ်ဂျာရ်မျိုးနွယ်ဝင်တို့၏ ဥယျာဉ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုဥယျာဉ်၏ တံခါးဖွင့်ထားခြင်း ရှိမရှိ တွေ့လိုတွေ့ငြား လှည့်ပတ်ရှာဖွေသော်လည်း မတွေ့ရှိခဲ့ပေ။ သို့သော် နံရံတွင်ရေစီးဝင်သည့် အပေါက်ငယ်တစ်ခုကိုတွေ့ရှိသဖြင့် ခန္ဓာကိုယ်ကို ကျုံ့ကာဝင် ရောက်ခဲ့၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို ရှာဖွေတွေ့ရှိခဲ့လေ၏။ ကိုယ်တော်က ၎င်းအား “ အသင် အဘူဟုရိုင်ရဟ်လား”ဟု မေးတော်မူ၏။ ၎င်းက "ဟုတ်ပါသည်" ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က “သင်ဘယ်လိုဖြစ်တာလဲ” ဟု မေးတော်မူ၏။ ကျွန်ုပ်က “ကိုယ်တော်သည် ကျွန်တော်မျိုးတို့ကြား၌ ရှိနေခဲ့ပါသည်။ ထို့နောက် ထသွားတော်မူ၍ ပြန်လာရန် ကြန့်ကြာတော်မူသဖြင့်၊ ကျွန်တော်မျိုးတို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိနေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ခဲ့ကြသည်။ ကျွန်တော်မျိုးသည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ပြီး ဤဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မြေခွေးကျုံ့ဝင်သကဲ့သို့ ကိုယ်ကိုကျုံ့ကာဝင်ရောက်ခဲ့ပါသည်။ ဤလူများ( ကျန်သည့် စွဟာဗဟ်သာဝကများ) မှာလည်း ကျွန်တော်မျိုး၏နောက်တွင် ရှိကြပါသည်” ဟု လျှောက်ထားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဖိနပ်နှစ်ဖက်ကို ၎င်းအား မှန်ကန်သူဖြစ် ကြောင်း အမှတ်သင်္ကေတနှင့် အထောက်အထားအဖြစ် ပေးအပ်တော်မူပြီး မိန့်တော်မူသည်မှာ- “သင်သည် ငါကိုယ် တော်၏ ဤဖိနပ်နှစ်ဖက်ကို ယူသွားပါ။ ဤဥယျာဉ်၏ နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လလာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင်၊ ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှဖြစ်ကြောင်း (သတင်းကောင်းပါးလိုက်ပါ။) ထို့နောက် ၎င်းတွေ့ရှိခဲ့သော ပထမဆုံးလူမှာ စွဟာဗဟ်ကြီးအုမရ်သခင် ဖြစ် သည်။ သူက “အို - အဗူဟုရိုင်ရဟ်၊ ဤဖိနပ်နှစ်ဖက်ကား အဘယ်နည်း” ဟု မေးသည်။ ကျွန်ုပ်က “ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဖိနပ်နှစ်ဖက်ဖြစ်ပါသည်။ ကျွန်ုပ်တွေ့ရသူမှန်သမျှ မည်သူ မဆို"လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်၏သတင်းကောင်းပေးရန် ကိုယ်တော်က ကျွန်ုပ်အား ဤဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်တော်မူပါသည်” ဟု ဖြေကြားလိုက်သည်။ ထိုအခါ အုမရ်(ရဿွိယလ္လာဟုအန်ဟု)သည် မိမိ၏ လက်ဖြင့် အဘူဟုရိုင်ရဟ်၏ရင်ဘတ်ကြားတွင် ရိုက်လိုက်သဖြင့် သူသည် ဖင်ထိုက်လျက် လဲကျသွားလေသည်။ ထို့နောက် သူက “အို - အဗူဟိုရိုင်ရဟ်၊ ပြန်သွားလော့” ဟု ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် ထိတ်လန့်လျက်၊ မျက်နှာပျက်လျက်၊ ငိုတော့မည်နီးနီးဖြင့်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ပြန်လာခဲ့သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကလည်း ကျွန်ုပ်၏နောက်မှ လိုက်ပါလာခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အို-အဗူဟိုရိုင်ရဟ်၊ သင်ဘာဖြစ်တာလည်း” ဟု မေးတော်မူ၏။ ကျွန်ုပ်က လျှောက်ထားခဲ့သည်မှာ- “ ကျွန် တော်မျိုး အုမရ်အား တွေ့ဆုံခဲ့ပြီး ကိုယ် တော် ကျွန် တော်မျိုးအား စေလွှတ်တော်မူသည့်အကြောင်းကို ၎င်းအား ပြောပြလိုက်သည်။ ထိုအခါ ၎င်းကသူ ကျွန်တော်မျိုးအား တစ်ချက်ရိုက်လိုက်ရာ ကျွန်တော်မျိုး ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် ၎င်းက အသင် ‘ပြန်သွားလော့’ ဟု ပြောပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အို “အုမရ်၊ အဘယ်အရာက သင့်အား ဤသို့ပြုလုပ်စေခဲ့သနည်း” ဟု မေးတော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုး၏မိဘနှစ်ပါးကို ကိုယ်တော့်အတွက် စွန့်လွှတ်စတေးပါ၏။ ကိုယ်တော်သည် အဗူဟုရိုင်ရဟ်အား ကိုယ်တော်၏ ဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်၍ ၎င်းတွေ့ဆုံခဲ့သည့် မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံ၏ သတင်းကောင်းပေးလိုက်ပါ ဟု မိန့်ကြားတော်မူခဲ့ပါသလောဟု လျှောက်ထားမေးမြန်း၏။ ကိုယ်တော်က"ဟုတ်တယ်" ဟု ဖြေကြား တော်မူခဲ့သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “ထိုသို့ ပြုလုပ်တော်မမူပါနှင့်။ အကြောင်းမှာ လူတို့သည် ဤစကားရပ်ပေါ်တွင်သာ အားထား၍ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းအားစွန့်လွှတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့ကြောင့် ၎င်းတို့အား ကောင်းမှုကုသိုလ်များ ကျင့်ဆောင်နေကြလျက်ပင်” လွှတ်ထားတော်မူပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က“သို့ဆိုလျှင် အသင် သူတို့ကို လွှတ်ထားလိုက်ပါ” ဟု မိန့်တော်မူသည်။