အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သွာအိဖ်နှင့် မက္ကာမြို့ကြားရှိ ဟိုနိုင်ချိုင့်ဝှမ်းသို့ ချီတက်တော်မူစဉ်၊ မကြာမီက အစ္စလာမ်သာသနာသို့ ကူးပြောင်းဝင်ရောက်လာကြသည့် ဆွဟာဗဟ်အချို့လည်း ကိုယ်တော်နှင့်အတူ လိုက်ပါခဲ့ကြသည်။ ထို့နောက် သူတို့သည် မုရှ်ရိက်များက ဂုဏ်ပေးလေးစားပြီး ကောင်းချီးမင်္ဂလာရရှိရန်အတွက် သူတို့၏လက်နက်များကို ချိတ်ဆွဲထားသော 'ဇာသု-အန်ဝါသ်' ဟုခေါ်သည့် သစ်ပင်နားမှ ဖြတ်သန်းသွားကြသည်။ ထိုအခါ ၎င်းတို့က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား " မိမိတို့အတွက်လည်း ထိုကဲ့သို့ သစ်ပင်တစ်ပင် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုသစ်ပင်ပေါ်တွင် မိမိတို့၏ လက်နက်များကို ချိတ်ဆွဲကာ ကောင်းချီးမင်္ဂလာ (ဗရကသ်) ရယူလိုသောကြောင့်ဖြစ်သည်။" အမှန်မှာ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းကို ခွင့်ပြုထားသည့်အရာဟု ထင်မြင်ကာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤမနှစ်မြို့ဖွယ်စကားကို ငြင်းပယ်ပြီး အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ စင်ကြယ်တော်မူကြောင်း ထုတ်ဖော်သည့်အနေဖြင့် "စွဗ်ဟာနလ္လာဟ်"ဟု ဆိုတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က ဤပြောဆိုချက်သည် တမန်တော်မူစာ (အလိုင်းဟိစလာမ်)၏ အမျိုးသားတို့က တမန်တော်မူစာအား ပြောဆိုခဲ့သည့် "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟူသောပြောဆိုချက်နှင့် ဆင်တူကြောင်း ရှင်းပြတော်မူခဲ့သည်။ တမန်တော်မူစာ၏ အမျိုးသားများသည် ရုပ်တုများကို ကိုးကွယ်သူများကို မြင်တွေ့သောအခါ၊ ထိုမုရှ်ရိက်များတွင် ရုပ်တု၊ ဆင်းတုများ ရှိသကဲ့သို့ မိမိတို့အတွက်လည်း ရုပ်တု၊ဆင်းတုများ ရှိစေလိုကြောင်း တောင်းဆိုခဲ့ကြသည်။ ဤသည် မုရှ်ရိက်တို့၏ လမ်းစဉ် (သွရီကဟ်)ကို လိုက်နာခြင်းပင်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအွမ္မသ်သားများသည် ယဟူဒ်၊ နတ်စ်ွရာနီများ၏ လမ်းစဉ်ကို လိုက်နာပြီး၊ ၎င်းတို့လုပ်သကဲ့သို့ လိုက်လုပ်ကြလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ထိုကဲ့သို့သော အပြုအမူများမှ ရှောင်ကြဉ်ရန် သတိပေးသည့်အနေဖြင့် မိန့်ကြားခဲ့ခြင်းဖြစ်သည်။