တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်များကို လှပသလား၊ ရုပ်ဆိုးသလား၊ ကြီးမားသလား၊ သေးငယ်သလား၊ သန်စွမ်းသလား၊ မသန်စွမ်းသလားဟူ၍ ကြည့်တော်မူမည်မဟုတ်ပေ။ ထို့အတူ ၎င်းတို့၏ ဥစ္စပစ္စည်းများကို များသလား၊ နည်းသလားဟူ၍လည်း ကြည့်တော်မူမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအား ထိုကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့၏ကွဲပြားမှုများကို စစ်ဆေးမည်မဟုတ်သလို အပြစ်ပေးမည်လည်းမဟုတ်ပေ။ သို့သော် ၎င်းတို့၏ နှလုံးသားများနှင့် ယင်း၌ရှိသော ‘သက္ကဝါ’ တရား၊ ယုံကြည်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ‘အိခ်လာဆ်ွ’ စိတ်စေတနာဖြူစင်မှု သို့မဟုတ် ‘ရိယာ’ ပြစားမှု၊ ကျော်ကြားလိုစိတ်ရှိမှု စသည်တို့ကို ကြည့်တော်မူမည်ဖြစ်သည်။ ထို့အတူ ၎င်းတို့၏ လုပ်ရပ်များ ကောင်းမွန်မှု၊ ပျက်စီးမှုတို့ကို ကြည့်တော်မူပြီး ထိုအပေါ် အကျိုးကုသိုလ်နှင့် အစားများပြန်လည်ပေးတော်မူမည်ဖြစ်သည်။