တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသို့သော ထိုင်နေသည့်လူတန်းစားမျိုးရှိသည့်ခေတ်ကာလ မကြာမီ ရောက်ရှိလာမည်။ ၎င်းတို့အနက်မှ တစ်ဦးသည် မိမိ၏သလွန်ပေါ်တွင် မှီလျက်ရှိမည်။ ၎င်းထံသို့ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်တော်တစ်ပုဒ်ရောက်လာသောအခါ ဤသို့ပြောလိမ့်မည်။ ကျမ်းတော်မြတ်ကုရ်အာန်သည်သာလျှင် အသင်တို့နှင့်ကျွန်ုပ်တို့ကြားတွင် အရေးကိစ္စအဝဝကိုဖြေရှင်းပေးမည့် ကျမ်းတော်ဖြစ်သောကြောင့် ယင်းကျမ်းတော်သည်ပင် ကျွန်တော်တို့အဖို့လုံလောက်သည်။ ထိုကျမ်းတော်၌ ဟလာလ်အဖြစ် တွေ့ရသောအရာများကို လိုက်နာကျင့်သုံးပြီး ထိုကျမ်းတော်၌ ဟရာမ်အဖြစ် တွေ့ရသောအရာများကို ရှောင်ကြဉ်ကြမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ကိုယ်တော်မြတ်၏ ဟဒီးဆ်တော်တွင် ဟရာမ်အဖြစ် သတ်မှတ်ထားသောအရာ၊ တားမြစ်ထားအရာတိုင်းသည် ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်တားမြစ်ထားသကဲ့သို့ပင်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်မြတ်သည်မိမိ၏အရှင်သခင်ထံတော်မှ တဆင့် ပြန်လည်ပို့ချသူပင်ဖြစ်သည်။