ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတွင် လောကီ၏ဥစ္စာပစ္စည်းတချို့တောင်းခံခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား ပေးကမ်းချီးမြှင့်တော်မူခဲ့သည်။ တစ်ဖန် ထပ်မံတောင်းခံခဲ့ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကလည်း ၎င်းအား ထပ်မံ၍ ပေးကမ်းချီးမြှင့်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား ဤသို့ မိန့်ကြားတော်မူခဲ့သည်- အို- ဟကီးမ်၊ ဤဥစ္စာပစ္စည်းသည် အလိုရမ္မက်ဖြစ်ဖွယ်၊ တပ်မက်ဖွယ်ကောင်းသောအရာ ဖြစ်၏။ ထို့ကြောင့် မည်သူမဆို မတောင်းဘဲ၊ လိုလားမှုမရှိဘဲ၊ ထပ်ခါ ထပ်ခါ တောင်းခြင်းမရှိဘဲ ရရှိခဲ့လျှင် ၎င်းအဖို့ ထိုဥစ္စာပစ္စည်း၌ ဗရ်ကသ်မင်္ဂလာ ချီးမြှင့်တော်မူခြင်း ခံရ၏။ သို့ရာတွင် မည်သူမဆို စိတ်၏လိုလားမှုနှင့် လောဘတပ်မက်မှုဖြင့် ယူဆောင်ခဲ့လျှင် ထိုဥစ္စာပစ္စ္စည်းတွင် ၎င်းအဖို့ ဗရ်ကသ်မင်္ဂလာ ချီးမြှင့်တော်မူခြင်းခံရမည် မဟုတ်ပေ။ ထိုသူသည် စားသော်လည်း မဝသူကဲ့သို့ပင် ဖြစ်၏။ ပေးကမ်းလှူဒါန်းသော အပေါ်လက်သည် တောင်းခံသော အောက်လက်ထက် အလ္လာဟ်အရှင်မြတ်ထံတော်၌ သာလွန်မြင့်မြတ်၏။ ထိုအခါ ဟကီးမ်(ရဿွိယလ္လာဟုအန်ဟု) က ပြောပြခဲ့သည်- ကျွန်ုပ်က ဤသို့လျှောက်ထားခဲ့သည်။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော့်အား မှန်ကန်သော တရားလမ်းစဥ်ဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါသည်။ ကျွန်တော်မျိုးသည် ကိုယ်တော်မြတ်နောက်တွင် ဒွန်ယာကနေခွဲခွါတယ့်အထိ ( သေဆုံးတယ့်အထိ )မည်သူတစ်ဦးတစ်ယောက်၏ ဥစ္စာပစ္စည်းကိုမျှ တောင်းခံတော့မည် မဟုတ်ပါ။ ထို့နောက် တမန် တော်မြတ် (စလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခလီဖဟ်ဖြစ်သူ အဗူဗကရ် (ရဿွိယလ္လာဟုအန်ဟု) သည် ဟကီးမ် (ရဿွိယ လ္လာဟုအန်ဟု) ပေးကမ်းချီးမြှင့်ရန်အတွက် ဖိတ်ခေါ်လေ့ရှိခဲ့ သော်လည်း ၎င်းသည် မည်သည့်အရာကိုမျှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ တဖန် မုအ်မင်န်တို့၏ ခေါင်းဆောင်ဖြစ်သူ အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) သည်လည်း ၎င်းအား ချီးမြှင့်ပေးကမ်းရန် အတွက် ဖိတ်ခေါ်ခဲ့သည်။ သို့ရာတွင် ၎င်းသည် လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ ထိုအခါ အုမရ်( ရဿွိယလ္လာဟုအန်ဟု )က မိန့်ကြားခဲ့သည်မှာ - အို- မုစ်လင်မ်အပေါင်းတို့၊ ကျွန်ုပ်သည် ဟကီးမ်အား မုစ်လင်မ်တို့အတွက် ကာဖိရ်များထံမှ စစ်မတိုက်ဘဲ ရရှိထားသည့် လက်ရပစ္စည်းများမှ ၎င်းအဖို့ အလ္လာဟ်အရှင်မြတ် ခွဲဝေသတ်မှတ်ထားသော ၎င်း၏ အခွင့်အရေးကို ပေးအပ်ရန် ကမ်းလှမ်းသော်လည်း လက်မခံဘဲ ငြင်းဆန်နေပါသည်။ ဟကီးမ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ နောက်တွင် ၎င်းကွယ်လွန်သည်အထိမည်သူတစ်ဦးတစ်ယောက်ထံကမှ ဥစ္စာပစ္စည်း တောင်း ခံခဲ့ခြင်း မရှိခဲ့ပေ။