တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်များက အကောင်းဆုံးဖြစ်ပါသနည်းဟု မေးမြန်းခံရသည်။ ထိုအခါ ကိုယ်တော်က အောက်ပါ အရည်အချင်းနှစ်ရပ်ကို ဖော်ပြတော်မူခဲ့သည်။ ပထမအချက် - ဆင်းရဲသားများကို အစားအစာများများ ကျွေးမွေးခြင်း ဖြစ်သည်။ ယင်းတွင် စွဒ်ကဟ်အလှူဒါနပြုခြင်း၊ လက်ဆောင်ပေးကမ်းခြင်း၊ ဧည့်ဝတ်ပြုခြင်းနှင့် ဝလီမဟ် ဧည့်ခံကျွေးမွေးခြင်းတို့လည်း ပါဝင်သည်။ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးသည့်ကာလနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေချိန်များတွင် အစားအစာကျွေးမွေးခြင်း၏ မွန်မြတ်မှုမှာ ပို၍ ပင် လေးနက်သွားသည်။ ဒုတိယအချက် - မွတ်စ်လင်မ်တိုင်းအား သိသူဖြစ်စေ၊ မသိသူဖြစ်စေ စလာမ်ပေးခြင်း ဖြစ်သည်။