ဤဟဒီးဆ်တော်တွင်တမန်တော်မြတ် (ဆွ) က အချက်သုံးချက် ညွှန်ကြားထားတော်မူသည်- ပထမအချက်- အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း(သက္ကဝါ)ဖြစ်သည်။ သက္ကဝါဆိုသည်မှာ ဝါဂျိဗ်တာဝန်များကို ပြည့်စုံစွာဆောင်ရွက်ခြင်းနှင့် ဟရာမ်တားမြစ်ချက်များကို စွန့်လွှတ်ရှောင်ကြဉ်ခြင်းဖြင့် နေရာဒေသအသီးသီး၊ အချိန်အခါအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့တွင် လျှို့ဝှက်ချိန် ထင်ရှားချိန်၊ ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာချိန်၊ ဘေး ဒုက္ခရောက်ချိန်နှင့် အခြားအခြေအနေအားလုံးတွင် (အရှင်မြတ်အား ကြောက်ရွံ့ရမည်)။ ဒုတိယအချက်- အကယ်၍ မကောင်းမှုတစ်စုံတရာ ကျူးလွန်မိပါက ထိုမကောင်းမှုပြီးနောက် ကောင်းမှုတစ်ခုခု ပြုလုပ်ရမည်။ ဥပမာ - ဆွလာသ်ဝတ်ပြုခြင်း၊ စွဒကဟ်ပေးခြင်း၊ ကောင်းမှုပြုခြင်း၊ ဆွေမျိုးသားချင်းများနှင့် ကောင်းမွန်စွာဆက်ဆံခြင်းနှင့် သောင်ဗဟ်အမှားဝန်ခံခြင်း စသည်တို့ဖြစ်သည်။ ဤကောင်းမှုများသည် မကောင်းမှုများကို ပယ်ဖျက်နိုင်သည်။ တတိယအချက်- လူသားအားလုံးနှင့် ကောင်းမွန်သောကိုယ်ကျင့်တရားများဖြင့် ပြုမူဆက်ဆံကြရမည်။ ဥပမာ - ပြုံးရွှင်စွာတွေ့ဆုံခြင်း၊ နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံခြင်း၊ ကျေးဇူးပြုခြင်းနှင့် ဒုက္ခမပေးခြင်း စသည်တို့ဖြစ်သည်။