လကီးသ်ွ ဗင်န် ဆွတ်ဗ်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ - သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ မိမိအမျိုးသားများဖြစ်သည့် ဗနီမွန်သဖိက်မှ အခြားသူများနှင့်အတူ ကိုယ်စားလှယ်အဖွဲ့အဖြစ် လာရောက်ခဲ့သည်။ သူက ဆက်လက်ပြောကြားခဲ့သည် - ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်အား ၎င်း၏အိမ်၌ မတွေ့ခဲ့ရပါ။ မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ကိုသာ တွေ့ရှိခဲ့ရသည်။ ထို့နောက် သခင်မက ဂျုံမှုန့်နှင့် အဆီဖြင့်ရော၍ချက်ရသည့် မုန့်တစ်မျိုးကို ချက်ခိုင်းခဲ့ပြီး၊ စွန်ပလွံသီးပါသည့် ပန်းကန်တစ်ချပ်ကို ကျွန်ုပ်တို့အားပေးခဲ့လေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကြွလာတော်မူပြီး မိန့်တော်မူသည် - သင့်တို့အတွက် စားစရာ တစ်ခုခု ပေးပြီးပြီလော။ ကျွန်ုပ်တို့က'ဟုတ်ကဲ့' ဟု ဖြေကြားခဲ့သည်။ လကီးသ်ွ (ရဿွိယလ္လာဟု အန်ဟု) က ဆက်လက်ပြောကြားခဲ့သည် - ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်အတူ ထိုင်နေစဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ်) ၏ သိုးထိန်းသည် သိုးများကို ၎င်းတို့၏ ညအိပ်ရာနေရာသို့ မောင်းနှင်လျက် မြည်တွန်နေသည့် ဆိတ်ကလေးတစ်ကောင်ကို သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) က မေးတော်မူသည် - မည်သည့်အရာကို မွေးဖွားခဲ့သနည်း။ သိုးထိန်းက'အမတစ်ကောင် မွေးဖွားခဲ့ပါသည်' ဟု ဖြေကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် -(ယခုမွေးဖွားလာသည့်) သူ့(သိုးမကလေး)နေရာ၌ အရွယ်ရောက်ပြီးသော ဆိတ်မတစ်ကောင်ကို ကျွန်ုပ်တို့အတွက် ဇဗဟ်ပြုလုပ်လိုက်ပါ။ ထို့နောက်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - ကျွန်ုပ်တို့သည် သင်တို့အတွက် တကူးတက ဇဗဟ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လုံးဝမထင်လေနှင့်။ ကျွန်ုပ်တို့တွင် သိုးပေါင်း တစ်ရာ ရှိပြီး ထို့ထက် တိုးပွားစေလိုခြင်း မရှိပေ။ သို့ဖြစ်ရာ အသစ်မွေးဖွားလာသော သားပေါက်တစ်ကောင်စီအတွက် ၎င်း၏နေရာ၌ (အရှင်ရှိတယ့်သိုးတစ်ကောင်ကို) ဇဗဟ်လုပ်လေ့ရှိသည်။ လကီးသ်ွ(ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်ပြောပြခဲ့သည် - ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး၏ ဇနီးသည် နှုတ်လျှာရှည်သူဖြစ်ပြီး ဆိုးရွားသော စကားများကို ပြောဆိုတတ်ပါသည်။ ကျွန်တော်မျိုးသည် သူမနှင့်မည်သို့ပြုမူသင့်ပါသနည်း လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က သို့ဆိုလျှင် သင်သူမကို သွလားက်ပေးလိုက်ပါဟု မိန့်တော်မူသည်။ လကီးသ်ွ(ရဿွိယလ္လာဟုအန်ဟု) က ပြောပြခဲ့သည်မှာ - ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးသည် သူမနှင့်အတူ ကာလကြာမြင့်စွာနေထိုင်ခဲ့ပါသည်၊ သူမနှင့်ရရှိထားသည့် ကျွန်တော်မျိုး၏သားသမီးများလည်း ရှိပါသည်" ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - သို့ဖြစ်လျှင် အသင် သူမအား ဆုံးမလော့။ အကယ်၍ သူမ၌ ကောင်းမှုရှိလျှင် သင်၏ ဆုံးမမှုကို လက်ခံလိမ့်မည်။ အကယ်၍ လက်မခံပါက သင်သည် သူမအား ထိခိုက်နာကျင်စေလောက်အောင် မဟုတ်သည့် (သင့်တင့်သော) ရိုက်နှက်မှုကို ပြုလုပ်လော့။ သို့ရာတွင် သင်၏ အစေခံကျေးကျွန်များကို ရိုက်နှက်သကဲ့သို့ သူမအား မရိုက်နှက်လေနှင့်။ ထို့နောက် လကီးသ်ွ (ရဿွိယလ္လာဟုအန်ဟု) က လျှောက်ထားခဲ့သည် - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ဝူဿွူနှင့်ပတ်သတ်၍ ကျွန်တော်မျိုးအား အသိပေးတင်ပြတော်မူပါ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - ဝူဿွူပြုလုပ်စဉ် ရေကို (ခန္ဓာကိုယ်၌ ရေရောက်ရှိရန်လိုအပ်သည့်) နေရာများသို့ ကောင်းစွာ ရောက်ရှိအောင်လုပ်ပါ၊ (ခန္ဓာကိုယ်၏) အင်္ဂါအစိတ်အပိုင်းတိုင်းအတွက် ၎င်း၏ အခွင့်အရေးကို အပြည့်အဝပေးပါ၊ ( တစ်နည်း အစိတ်အပိုင်းတိုင်းကို ကောင်းမွန်ကျနစွာ ဆေးကြောပါ) ဝူဿွူ၏ ဖရဿ်ွအချက်များနှင့် စွန်နသ်တော်များအနက် တစ်စုံတစ်ရာကိုမျှ မစွန့်လွှတ်ပါနှင့်၊ သင်၏ လက်များနှင့် ခြေများကို ဆေးကြောစဉ် သင်၏ လက်ချောင်းများနှင့် ခြေချောင်းများကြားကို ခြားထားပါ ( ရေရောက်အောင်ပြုလုပ်၍ ပွတ်တိုက်ဆေးကြောပါ) ဝူဿွူပြုလုပ်နေစဉ် သင်၏ နှာခေါင်းအတွင်းသို့ ရေကို ကောင်းစွာဆွဲယူသွင်းပြီး ထုတ်ပစ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလစောင့်ထိန်းထားသူ ဖြစ်ပါက ရေသည် သင်၏ ဝမ်းဗိုက်အတွင်းသို့ မဝင်ရောက်စေရန် (ဤသို့ ပြုလုပ်ရာတွင်) သတိထားပါ။