ဖာသွိမဟ် ဗင်န်သိ အဗီဟုဗိုင်းရှ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းသည်မှာ ကျွန်မသည် သွေးဆင်းခြင်း ရပ်တန့်သွားသည်ဟူ၍ မရှိပါ။ ဓမ္မတာ သွေး ဆင်းသည့် ကာလမဟုတ်သော ရက်များတွင်လည်း အဆက်မပြတ်ဆင်းနေပါသည်။ ထို့ကြောင့် ၎င်း၏အမိန့်သည် ဓမ္မတာသွေးအမိန့်တွင် ပါဝင်ပါသလား။ ကျွန်မ ဆွလာသ်မဆောက်တည်ဘဲ နေရမည်လား။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအားမိန့်တော်မူသည်။ အမှန်ပင် ၎င်းသည် သားအိမ်အတွင်း သွေးကြောတစ်ခုမှထွက်လာသော ရောဂါသွေးဖြစ်ပြီး ဓမ္မတာရာသီသွေးမဟုတ်ပါ။ သို့ဖြစ်၍ သင်မ ရောဂါသွေး မဆင်းမီက မိမိအလေ့အထအတိုင်း လစဉ်ဓမ္မတာသွေးဆင်းသည့် အချိန်ကာလရောက်လာပါက ဆွလာသ်နှင့် ဆွိယာမ်ကို စွန့်လွှတ်ပါ။ ထို့ပြင် ဓမ္မတာသွေးဆင်းနေသည့် အမျိုးသမီးအတွက် တားမြစ်ထားသည့်ကိစ္စများကို ရှောင်ကြဥ်ပါ။ ထိုအချိန်ကာလ ကုန်ဆုံးသွားပါက သင်မသည် ဓမ္မတာသွေးမှ သန့်ပြန့်သွားပြီဖြစ်သည်။ သို့ဖြစ်၍ သွေးဆင်းသည့်နေရာအား ဆေးကြောသန့်စင်ပါ။ ထို့နောက် မသန့်ဖြစ်ခြင်း ပပျောက်သွားရန် ခန္ဓာကိုယ်တစ်ခုလုံးအား ရေလောင်းချိုးပါ။ ထို့နောက် ဆွလာသ်ဆောက်တည်ပါ။