တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တင်ပြထားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည်တာဝန်ဝတ္တရားများကို ပညတ်တော်မူပြီး ဖရဇ်တာဝန်တချို့ကို သတ်မှတ်ပြဌာန်းတော်မူခဲ့၏။ သို့ဖြစ်ရာ ထိုတာဝန်များကို စွန့်လွှတ်ခြင်း သို့မဟုတ် ပေါ့လျော့ခြင်းမပြုဘဲ ကျေပွန်စွာ လိုက်နာဆောင်ရွက်ကြလော့။ အရှင်မြတ်သည် မိမိနှစ်သက် တော်မမူသည့်အရာများမှ အသင်တို့အား ( ထိုအရာများကိုမကျူးလွန်မိစေရန် )တားဆီးပိတ်ပင်တော်မူမည့် စည်းဘောင်များနှင့် တားမြစ်ချက်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားတော်မူ၏။ သို့ဖြစ်ရာ သင်တို့သည် ထိုစည်းဘောင်ထက် လွန်ကျူး၍ ရှရီအသ်တရားတော်က ခွင့်ပြုထားသည်ထက် ပိုမိုဆောင်ရွက်ခြင်း မပြုကြနှင့်။ ထို့ပြင်အရှင်မြတ်သည် အချို့သောအရာများကို ဟရာမ်အဖြစ် ပညတ်တော်မူခဲ့၏။ သို့ဖြစ်ရာ ထိုဟရာမ်ကိစ္စရပ်များကို ကျူးလွန်ခြင်းနှင့်၊ ၎င်းဟရာမ်ကိစ္စရပ်များ၏ အနားသို့ ချဉ်းကပ်ခြင်းမပြုကြလေနှင့်။ ထိုအချက်များမှလွဲ၍အခြားသောအရာများကိုမူ အရှင်မြတ်သည်မိမိ၏ ဗန်ဒဟ်ကျေးကျွန်များအား သနားကရုဏာထားတော်မူသည့်အနေဖြင့် ဆိတ်ဆိတ်နေတော်မူကာ ချန်လှပ်ထားတော်မူခဲ့၏။ သို့ဖြစ်ရာ ထိုကိစ္စရပ်များသည် ၎င်း၏ မူလအမိန့်ဖြစ်သည့် မုဘာဟ် ( ပြုလုပ်ပိုင်ခွင့်ရှိသည့်အမိန့် )အတိုင်း ကျန်ရှိနေ၏။ သို့ဖြစ်၍ အသင်တို့သည် ထိုကိစ္စများနှင့်ပတ်သက်၍ စုံစမ်းရှာဖွေခြင်း မပြုကြနှင့်။