တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိန်လန့်စွာဖြင့် ဇိုင်နဗ် ဗင်န်သိ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် "လာအိလာဟာ အစ်လလ္လလ္လာဟ်" ( အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ) ဟူသော ကလိမဟ်တော်ကို ရွတ်ဆိုနေခဲ့သည်။ ဤအချက်သည် မလိုလားအပ်သော အရာတစ်ခုခု ဖြစ်ပေါ်လာတော့မည်ကို ညွှန်ပြနေပြီး၊ ထိုအရာမှ လွတ်မြောက်ရန် အလ္လာဟ်အရှင်မြတ်ထံ ခှိုလုံခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အာရဗ်တို့အတွက် ပျက်စီးခြင်းသည် မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် ဆိုက် ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။ ထိုတံတိုင်းမှာ ဇုလ်ကရ်နိုင်းန်ဘုရင်က တည်ဆောက်ခဲ့သော တံတိုင်းဖြစ်သည်။ ထိုအခါ ဇိုင်နဗ် (ရဿွိယလလာဟုအန်ဟာ) က "ကျွန်မတို့ထဲတွင် သူတော်ကောင်းများ ရှိနေပါလျက် အလ္လာဟ်အရှင်မြတ်သည် ကျွန်မတို့အပေါ် ပျက်စီးခြင်းကို အဘယ်သို့ လွှမ်းမိုးကျ ရောက်စေတော်မူမည်နည်း" ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " မကောင်းသည့်လုပ်ရပ်များ ကျူးလွန်ခြင်းနှင့် ဇိနာလုပ်ခြင်း၊ အရက်သေစာသောက်စားခြင်း စသည့် မကောင်းမှုဒုစရိုက်များ များပြားလာသောအခါ ပျက်စီးခြင်းသည် လူသားအားလုံးကို လွမ်းခြုံသွားလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။