နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ- မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် မစီဟ်ဒဂျ်ဂျာလ်၏ ဖိသ်နဟ် (ဖျားယောင်းသွေးဆောင်မှု) မှ ကာကွယ်ခြင်းခံရမည်။ ၎င်းသည် နောက်ဆုံးခောတ်ကာလတွင် ပေါ်ထွက်လာမည်ဖြစ်ပြီး ကိုးကွယ်ရာအရှင်ဖြစ်ကြောင်း ကြွေးကြော်လိမ့်မည်။ ၎င်း၏ ဖိသ်နဟ်သည် လူသားမျိုးနွယ် ဖန်ဆင်းခြင်းခံရသည့်အချိန်မှစ၍ ကိယာမသ်ဖြစ်မည့်အချိန်အထိ ကမ္ဘာပေါ်တွင် ကြုံတွေ့ရမည့် အကြီးမားဆုံးသော ဖိသ်နဟ်စမ်းသပ်မှုဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သာမန်လူတို့၏ နားလည်မှုကို ကျော်လွန်သည့် တန်ခိုးများ ပေးသနားတော်မူမည်၊ ထိုတန်ခိုးများဖြင့် သူသည် လူတို့အား လမ်းမှားသို့ ဦးတည်စေမည်။ စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားခြင်းဖြင့် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုမှ ကာကွယ်မှုရရှိခြင်းမှာ၊ ထိုအာယတ်တော်များတွင် ဒဂျ်ဂျာလ်၏ တန်ခိုးများထက် ပိုမိုကြီးမြတ်သည့် အံ့ဖွယ်ရာများနှင့် သက်သေလက္ခဏာ တော်များ ပါရှိသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ထိုအာယတ်တော်များ၏ အနက်အဓိပ္ပာယ်ကို သေချာစဉ်းစားဆင်ခြင်ပါက၊ သူသည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို လက်ခံလိမ့်မည် မဟုတ်ပေ။ အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။ ၎င်းမှာ "{أفحسب الذين كفروا أن يتخذوا…} " ဟူသောအာယသ်မှစ၍ စူရဟ်အဆုံးထိဖြစ်သည်။