အဘူစအီဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လင်ယောက်ျားများနှင့် အိမ်ထောင်မပြု၊ မပေါင်းသင်းရသေးသော အိမ်၏အတွင်းပိုင်း၌သာ နေထိုင်သည့် အပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသူဖြစ်သည်။ တမန်တော်မြတ်သည် အလွန်အရှက်တရားကြီးမားမှုကြောင့် တစ်စုံတစ်ရာကို မနှစ်သက်လျှင် ကိုယ်တော့်၏မျက်နှာတော်မှာပြောင်းလဲသွားတတ်သည်။ သို့သော် ထိုအကြောင်းကို နှုတ်ဖြင့် ထုတ်ဖော်လေ့မရှိပေ။ သို့သော် ကိုယ်တော့်၏ တပည့်သာဝကများသည် ကိုယ်တော်မြတ်၏ မျက်နှာထားမှတစ်ဆင့် ထိုအရာကိုကိုယ်တော် မနှစ်သက်ကြောင်း သိရှိနားလည်ကြလေသည်။