တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ပေးမည့် အပြစ်ဒဏ်ကို ခံစားထိုက်သော လူသုံးမျိုးအကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ထိုသူများသည် အကယ်၍ သောင်ဗဟ်အမှားဝန်ခံခြင်းမပြုပါက သို့မဟုတ် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းကို မခံရပါက ကိယာမသ်နေ့တွင် အပြစ်ဒဏ်သုံးမျိုးကို ခံစားရမည်ဖြစ်သည်။ ပထမပြစ်ဒဏ် - အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ထိုသူတို့အား စကားပြောတော်မူမည် မဟုတ်ပေ။ အကြောင်းမှာ အရှင်မြတ်၏ အမျက်တော်လွန်စွာပြင်းထန်သောကြောင့်ဖြစ်သည်။ ထိုမျှသာမက အရှင်မြတ်သည် သူတို့ထံမှ မျက်နှာလွှဲတော်မူမည်။ သို့တည်းမဟုတ် သူတို့အတွက် မပျော်ရွှင်ဖွယ်စကားများ၊ မိမိ၏အမျက်တော်ကို ဖော်ပြသော စကားများကိုသာ ပြောဆိုတော်မူမည် ဖြစ်သည်။ ဒုတိယပြစ်ဒဏ် - အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သန့်စင်စေတော်မူမည် မဟုတ်သလို ချီးမွမ်းတော်မူမည်လည်း မဟုတ်ပေ။ ထို့ပြင် အပြစ်များမှ ၎င်းတို့အား သန့်ရှင်းစင် ကြယ်စေတော်မူမည် မဟုတ်ပေ။ တတိယပြစ်ဒဏ် - ၎င်းတို့အတွက် နောင်တမွန်ဘဝတွင် ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ ရှိခြင်းဖြစ်သည်။ ထိုသို့ ပြစ်ဒဏ်ခံစားရမည့် လူသုံးမျိုးမှာ - ၁။ အသက်အရွယ်အိုမင်းသော်လည်း စက်ဆုပ်ရွံရှာဖွယ်ဇိနာမှုကို ကျူးလွန်သူ။ ၂။ ပစ္စည်းဥစ္စာမရှိသည့် ဆင်းရဲသားဖြစ်သော်လည်း လူတို့အပေါ် မောက်မာထောင်လွှားသူ။ ၃။ ရောင်းဝယ် ဖောက်ကားရာတွင် အလ္လာဟ်အရှင်မြတ်၏(နာမတော်ဖြင့်) မကြာခဏ ကျိန်ဆိုလေ့ရှိသူ။ ထိုသို့အားဖြင့် သူသည် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို မထီမဲ့မြင်ပြုကာ ဥစ္စာပစ္စည်း စုဆောင်းရန် လမ်းစအဖြစ် အသုံးချသူဖြစ်သည်။