လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်၍ ဤသို့ လျှောက်ထားခဲ့၏။ အို- အလ္လာဟ်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ကျွန်တော်မျိုး၏ ပစ္စည်းဥစ္စာကို လုယက်ရန် ရည်ရွယ်ချက်ဖြင့် လူတစ်ဦး ကျွန်တော်မျိုးထံသို့ ရောက်လာပါက (ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်၏ပစ္စည်းဥစ္စာကို သူအား အညံ့ခံ၍ ပေးအပ်ရန် သင့်အပေါ် တာဝန်မရှိပါ" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ သူကကျွန်တော်မျိုးအား တိုက်ခိုက်လာလျှင်( ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သူ့အား တန်ပြန်တိုက်ခိုက်ခွင့်သည် သင့်အတွက် ခွင့်ပြုထားပါသည်" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ သူက ကျွန်တော်မျိုးအား သတ်ဖြတ်ခဲ့လျှင်(ကျွန်တော်မျိုး၏အခြေ အနေသည် အဘယ်သို့ရှိမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သို့ဖြစ်လျှင် သင်သည် ရှဟီးဒ်ဖြစ်ပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ ကျွန်တော်မျိုးက သူ့အား သတ်ဖြတ်မိခဲ့လျှင်ကော (သူ၏အခြေအနေသည် အဘယ်သို့ရှိမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ထိုသူသည် ကိယာမတ်တရားစီရင်မည့်နေ့တွင် ငရဲမီး၌ အပြစ်ဒဏ်ပေးခြင်းကို ခံထိုက်သူဖြစ်ပေသည်" ဟု မိန့်ကြားတော်မူခဲ့၏။