အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ သူ၏တပည့်သာဝကများနှင့်ပတ်သက်၍ သူတို့သည် မေးခွန်းများ အလွန်အကျွံ မေးမြန်းနေကြောင်း သတင်းရောက်ရှိလာခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်သည် အမျက်ဒေါသထွက်တော်မူပြီး ခွသ်ဗဟ်တရားဟောကြားကား မိန့်တော်မူသည်မှာ - ငါကိုယ်တော်အား ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲတို့ကို ပြသခြင်းခံခဲ့ရ၏။ ယနေ့ ဂျန္နသ်၌ ငါကိုယ်တော်မြင်ခဲ့ရသည်ထပ် ပိုများသောကောင်း ကျိုးကိုလည်း ကောင်း၊ ယနေ့ ဂျဟန္နမ်ငရဲ၌ ငါကိုယ် တော်မြင်ခဲ့ရသည်ထပ် ပိုများသောဆိုးကျိုးကိုလည်း ကောင်း ငါကိုယ် တော်မမြင်ဖူးခဲ့ပေ။ သင်တို့သည် ငါမြင်ခဲ့ရသည်များကို မြင်ခဲ့ကြလျှင်လည်းကောင်း၊ ယနေ့နှင့် ယမန်နေ့က ငါမြင်ခဲ့ရသည်များမှ ငါသိရှိခဲ့သည်များကို သင်တို့သိရှိခဲ့ကြလျှင်လည်း ကောင်း သင်တို့သည် အလွန် အမင်း ကြောက်ရွံ့ကြမည်ဖြစ်၏။ သင်တို့၏ ရယ်မောခြင်းမှာ နည်းပါးသွားမည်။ သင်တို့၏ ငိုကြွေးခြင်းမှာ များပြားလာမည်။ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ တပည့်သာဝကများအပေါ် ထိုနေ့ထက်ပို၍ ပြင်းထန်သည့် နေ့မကြုံခဲ့ရပေ။ သူတို့သည် ခေါင်းများကို အုပ်ထားကြပြီး အလွန်အမင်း ငိုကြွေးခြင်းကြောင့် နှာခေါင်းမှ ထွက်သော ညဉ်းသံပင်ပါကာ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ကြသည်။ ထိုအခါအိုမရ် (ရဿွိယလ္လာဟုအန်ဟု)က ထရပ်လျက် ဤသို့ပြောဆိုခဲ့သည်- “ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် အဖြစ်လည်း ကောင်း၊ အစ္စလာမ်အား သာသနာအဖြစ်လည်းကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား နဗီတမန်တော်အဖြစ်လည်း ကောင်း ကျေနပ်နှစ်သက်လက်ခံပါ၏။” အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ ထို့နောက် ထိုလူ (တစ်ဦး) က ထရပ်လျက် “ကျွန်တော် ၏ဖခင်ကား မည်သူနည်း” ဟု မေးလေသည်။ တမန်တော်က “သင်၏ဖခင်မှာ ဖုလာန် (တစ်စုံ တစ်ဦး) ဖြစ် သည်” ဟု မိန့်တော်မူသည်။ ထိုအခါ (အောက်ပါ)အာယတ်တော် ကျရောက်ခဲ့သည်- “အို- အီမာန်သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တမန်တော်မြတ်အား) အကြင်အရာများနှင့် ပတ်သက်၍ မမေးမြန်းကြနှင့်။ အကယ်၍ ထိုအရာများသည် အသင်တို့ရှေ့၌ ထုတ်ဖော်(ပြော)ခြင်း ခံခဲ့ရလျှင် အသင်တို့အား မကောင်းဖြစ်စေလိမ့်မည်။” (အလ်-မာအိဒဟ်၊ ၁၀၁)။